စစ်ကော်မရှင် ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းအများစု ပြတ်လပ်

စစ်ကော်မရှင် ဖမ်းဆီးမှုကြောင့် ထိုင်းကုန်ပစ္စည်းအများစု ပြတ်လပ်

အာဏာသိမ်း စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်သွယ်မှု ပြုလုပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆက်တိုက်ဖမ်းဆီးနေတာကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်း အများစု ပြတ်လပ်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကတဆင့် ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေ ဆက်တိုက်ဖမ်းဆီးခံနေရတာကြောင့် မွန်ပြည်နယ်ဈေးကွက်အပြင် တခြားဒေသတွေကို ပေးပို့တဲ့ဈေးကွက်တွေအထိ ထိုင်းကုန်ပစ္စည်းတွေ ရှားပါးလာတာပါ။

ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် တင်သွင်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပိတ်ဆို့ဖမ်းဆီးနေတာကြောင့် ကုန်သည် အများစု ထိုင်းကုန်ပစ္စည်း တင်သွင်းမှု ရပ်နားထားသလို ရပ်နားချိန် ကြာလာတာနဲ့အမျှ ထိုင်းကုန်ပစ္စည်း ပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

ကုန်သည်တစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ ပိတ်ဆို့ဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်းမှာ ထိုင်းကုန်ပစ္စည်း မရှိသလောက် ရှားပါးသွားပြီး လုံးဝဝယ်လို့မရတဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ ပြောပါတယ်။

“ဈေးကွက်ထဲမှာလည်း ဘာမှမရှိတော့ဘူး။ ဈေးကွက်ထဲမှာ ထိုင်းကုန်စည်က ပြတ်သွားပြီ။ စူပါမားကတ် တွေမှာ လည်း ဘာမှမရှိတော့ဘူး။ စတိုးဆိုင်တွေမှာလည်း ဘာမှမရှိတော့ဘူး။ ပဲငံပြာရည်တောင် ရှာလို့မရဘူး။ မြန်မာ ထုတ်တွေပဲ ရှိတော့တယ်”လို့ ဆိုပါတယ်။

ကုန်သည်တွေကတော့ ထိုင်းကုန်ပစ္စည်း ဖမ်းဆီးမှုဟာ ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်ဖြစ်ပြီး ပြည်သူတွေ ပိုမိုကျပ်တည်းလာအောင် လုပ်ဆောင်နေတာလို့ ဝေဖန်ကြပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်ဟာ ထိုင်း-မြန်မာ တရားဝင် ကုန်သွယ်မှု ပြုလုပ်နေတဲ့ မြဝတီမြို့ရှိ အမှတ်(၂) ချစ်ကြည်ရေး တံတားကို ဩဂုတ် ၁၈ ရက်နေ့ မနက်ပိုင်းကစပြီး ယာယီ ပိတ်လိုက်တဲ့အတွက် မဲဆောက် ဘက်ကနေ မြဝတီဘက်ကို တင်ပို့မယ့် ကုန်တင်ကား အစီးရေ ၅၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကော်မရှင်က ထိုင်းကုန်ပစ္စည်းတွေကို တရားဝင် လမ်းကြောင်းတွေကအစ ပိတ်ဆို့ထားတဲ့အတွက် ဒေသတွင်းမှာ ထိုင်းကုန်ပစ္စည်း ဆိုးဆိုးရွားရွား ပြတ်လပ်မှု ဖြစ်လာမယ့်အပြင် ကုန် ဈေးနှုန်းတွေပါ အဆမတန် မြင့်တက်လာနိုင်တဲ့ အခြေအနေ ရှိလာနိုင်တယ်လို့ ကုန်သည်တွေက ထောက်ပြကြပါတယ်။

မြန်မာနိုင်ငံဟာ အိမ်နီးချင်း ထိုင်းနိုင်ငံကနေ အခြေခံ စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ အလှ ကုန်၊ ဆောက်လုပ်ရေးသုံး ကုန်ပစ္စည်း အပါအဝင် အထွေထွေသုံး ကုန်ပစ္စည်းတွေကို အဓိက အား ထားပြီး အသုံးပြုနေရတာ ဖြစ်ပါတယ်။

Most read this week

December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...
December 8, 2025
အာဏာသိမ်းမှုအတွင်း မွန်ပြည်နယ်မှာ စစ်ကော်မရှင် လက်လွှတ်ဆုံးရှုံးရတဲ့ မြို့နယ်တွေ မရှိခဲ့ပေမယ့်...