ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ

ဖားကန့်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၃ ဦး ဒဏ်ရာရ
Photo - CJ
Photo - CJ

ဖားကန့်ကျောက်စိမ်းတွင်းဒေသ ဆိပ်မူကျေးရွာ(ဆိုင်းတောင်)အနီးမှာ ဒီကနေ့မနက် ၁၀ နာရီခွဲခန့်က စစ်ကော်မရှင်တပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့မှာရှိတဲ့ စစ်ကော်မရှင်တပ်မကုန်းကနေ လက်နက်ကြီး နှစ်ကြိမ်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဆိုင်းတောင်နဲ့ ဘဇံချောက် ကျေးရွာဘက်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ ဒေသခံပြည်သူ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ပြည်သူ သုံးဦးဟာ အသက် ၈၀ ကျော်အရွယ်၊ အသက် ၅၀ ဝန်းကျင်အရွယ်နဲ့ အသက် ၁၅ နှစ်အရွယ်တွေ ဖြစ်ကြပြီး လူမှုကူညီရေးအသင်းကနေ လာရောက်ခေါ်ဆောင်သွားပြီးတော့ ဆေးကုသမှုခံယူနေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြည်သူတွေနေတဲ့ နေရာတွေကို လက်နက်ကြီးတွေ ပစ်ခတ်နေတာဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ပြည်သူနေတဲ့နေရာကို သိရက်သားနဲ့ လေယာဉ်နဲ့ ဗုံးကြဲနေတာတွေ အမြောက်နဲ့ ပစ်ခတ်တာတွေ အကုန်လုံးက ဂျန်နီဗာကွန်ဗင်းရှင်း(Geneva Convention)ကို မလိုက်နာတဲ့အပြင် နိုင်ငံတကာစစ်ရာဇဝတ်မှုကျူးလွန်တာ ဟုတ်တယ်။ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာြဖစ်တယ်။”လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဩဂုတ်လ ၁၄ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မကုန်းကနေ အေးမြသာယာကျေးရွာအုပ်စု ရှရော်ခကျေးရွာဘက် ဒရုန်းနဲ့ ပစ်ချခဲ့တဲ့အတွက် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကုန်ပိုင်းလောက်ကတည်းက မြစ်ကြီးနား-ဖားကန့်လမ်းအတိုင်း ဖားကန့်ဒေသအတွင်း ထိုးဖောက်ဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ မှော်ဒေသတွေကိုလှည့်လည် စစ်ကြောင်းထိုးနေတာ အခုအချိန်ထိ ဖြစ်ပါတယ်။

အဲဒီလိုဝင်ရောက်လာပြီးနောက်ပိုင်း KIA၊KPDF ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကော်မရှင်တပ်ကနေ လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားသေဆုံးမှုတွေ ရှိနေတာပါ။

March 25, 2026
ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို မတ်လ ၂၅ ရက်နေ့ကစပြီး လေကြောင်းလိုင်းတချို့က...
March 24, 2026
ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်က သက်ကြီးဘိုးဘွားတွေပဲရှိတဲ့ ခူထီကျေးရွာမှာ ဆန်နဲ့ ဆေးဝါး...
March 20, 2026
လေယာဉ်ဆီအကန့်အသတ်ကြောင့် ခရီးသည်တွေအတွက် အပိုဝန်စည် သယ်ဆောင်ခွင့်ကို တစ်ယောက် ၁၀ ကီလိုဂရမ်အထိပဲ...
March 18, 2026
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာက ပြည်သူတွေအနေနဲ့ သတိရှိရှိနေကြဖို့...