ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC) စင်တာ၌ နွေဦးတော်လှန်ရေးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ အယောက် ၄၀၀ ကျော်အား ခြေတုအခမဲ့ တပ်ဆင်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း စင်တာတာဝန်ရှိသူများက ပြော သည်။
အဆိုပါ NRC စင်တာကို Medical Family Mandalay (MFM) ၏ စတင်ပံ့ပိုးမှုဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် လူနာအယောက် ၄၀၀ ပြည့်မြောက်အောင် ခြေတုအခမဲ့ တပ်ဆင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် NRC သည် Prosthesis Training Center တစ်ခုအနေဖြင့် ရပ်တည်နေပြီဖြစ်ကာ ခြေတုအခမဲ့ တပ်ဆင်ပေးခြင်းအပြင် ခြေတုအဟောင်းများကို အသေးစား ပြန်လည်ပြုပြင်ပေးခြင်းများကိုပါ ဆောင်ရွက်ပေး လျက်ရှိသည်။
တိုက်ပွဲဝင်ရင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူများ ဘဝပါ မဆုံးရှုံးရအောင် ကူညီပေးချင်သည့် ရည်ရွယ်ချက်ဖြင့် အဆိုပါ လုပ်ငန်းကို စတင်ခဲ့ခြင်းဖြစ်ကြောင်း NRC ကို ဦးဆောင်နေသည့် ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်နှင့် Spring CrowdFund - နွေဦးလူထုရန်ပုံငွေ (SCF) တို့၏ အင်တာဗျူးတွင် ထည့်သွင်းပြောဆိုထားသည်။
စင်တာ စတင်စဉ်က လူအင်အား၊ နေရာထိုင်ခင်းနှင့် ပစ္စည်းစုဆောင်းရသည့် အခက်အခဲများအပြင် စက်ပစ္စည်း အစုံအလင်မရှိဘဲ စတင်ခဲ့ရသော်လည်း အားလျှော့မသွားဘဲ လက်ဖြစ်ဖြင့် လူနာ ၂၅ ဦးထိ ခြေတုတပ်ဆင်ပေးခဲ့ သည်။
ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထံမှ အသိအမှတ်ပြုမှု ရရှိခဲ့ကာ လိုအပ် သည်များ ပံ့ပိုးပေးသဖြင့် ပိုမိုကျယ်ဝန်းသည့် နေရာသို့ ပြောင်းရွှေ့၍ စနစ်တကျ စတင်နိုင်ခဲ့ခြင်းဖြစ်သည်။
ခြေတုတပ်ဆင်ပေးရာတွင် KIA တပ်ဖွဲ့ဝင်များကိုသာ သီးသန့် ပြုလုပ်ပေးခြင်း မဟုတ်ဘဲ အခြား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အရပ်သား ပြည်သူများကိုပါ အခမဲ့ တပ်ဆင်ပေးနေခြင်းဖြစ်ကြောင်း ဒေါက်တာ ခင်မောင်လွင်က ပြောသည်။
"စတုန်းကတော့ တော်တော်လေး ရုန်းကန်ခဲ့ရတာပေါ့။ အလုပ်လုပ်ပြရင်းနဲ့ ယုံကြည်မှုကို တည်ဆောက်တယ်။ လိုအပ်တဲ့သူတွေကလည်း KIA ရဲဘော်တွေတင် မဟုတ်ပါဘူး။ တခြား KPF တွေလည်းရှိတယ် အရပ်သားတွေ လည်းပါတယ်။ ကျနော်တို့က ကချင်မြေမှာ လုပ်ပြီးတော့မှ KIA တပ်သားတွေချည်းပဲ သီးသန့်လုပ်ပေးတာ မဟုတ်ပါဘူး။ အခမဲ့လုပ်တာဖြစ်တယ်။"
ထို့ပြင် ခြေတုတပ်ဆင်သည့် လုပ်ငန်းများ ဆောင်ရွက်ရင်း ပညာရပ်ဆိုင်ရာ သင်တန်းများကိုပါ ပေးခဲ့ရာ KIA မှ သူနာပြု ၂ ဦး၊ AA မှ သူနာပြု ၂ ဦးနှင့် စစ်ကိုင်းတိုင်းမှ ၂ ဦး စုစုပေါင်း ၆ ဦးကို တစ်နှစ်ခန့် အချိန်ယူ သင်တန်း ပေးခဲ့သဖြင့် လက်ရှိတွင် သက်ဆိုင်ရာ နယ်ပယ်များ၌ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်နေပြီ ဖြစ်သည်။
စင်တာ လည်ပတ်ရန်အတွက် MFM ၏ ထောက်ပံ့ငွေတစ်ခုတည်းနှင့် မလုံလောက်သဖြင့် ရန်ပုံငွေ ရရှိအောင် နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေရပြီး၊ တစ်ဦးချင်းအလှူရှင်များ၊ အဖွဲ့အစည်းများအပြင် KIO နှင့် KIC တို့မှ လည်း အလှူရှင်များ ကူညီရှာဖွေပေးလျက်ရှိသည်။ ထို့ပြင် ဂျပန်အစိုးရထံမှလည်း လှူဒါန်းမှုများ ရရှိထားသည်။
လက်ရှိတွင် NRC စင်တာအနေဖြင့် လူနာ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အလုံးစုံ ပြန်လည်ထူထောင်ရေး (Rehabilitation) ကို မလုပ်ပေးနိုင်သေးဘဲ အဓိကအားဖြင့် ခြေတုတပ်ဆင်ပေးခြင်းကိုသာ ဆောင်ရွက်နိုင် သေးသည်။
ဒေါက်တာ ခင်မောင်လွင်က “အလုံးစုံ Rehab မလုပ်နိုင်ပေမဲ့လည်း ကျွန်တော်တို့ က pre prosthetic Training ပြီးရင် ခြေတု တပ်တယ်၊ post - prosthetic Training ပြီးရင်တော့ mental rehabilitation သဘောမျိုးပေါ့ သူတို့နဲ့ထိုင်ပြီးစကားပြောတယ် ဘာအစီစဉ်ရှိလဲ ဘာလုပ်ချင်တာလဲဆိုတာမျိုးလေးတွေ လုပ်ပေး နိုင်တာပဲ ရှိပါသေးတယ်” ဟု ပြောသည်။
ခြေတု တစ်ခုသည် ၅ နှစ်ခန့်သာ ခံပြီး ၅ နှစ်ကြာပါက ခြေဖဝါး ကွဲအက်ကျိုးပဲ့ခြင်းများ ဖြစ်လာတတ်သဖြင့် ကြိုတင်စဉ်းစားထားကာ ပြန်လည်ပြင်ဆင်ခြင်းများကို တောက်လျှောက် လုပ်ဆောင်ပေးလျက်ရှိသည်။
ရှေ့ဆက်၍ NRC အနေဖြင့် ကချင်မြေတွင် Full Facilities အပြည့်အဝပါဝင်သည့် Rehab Center တစ်ခုဖြစ် အောင် တည်ထောင်ကာ စားသောက်ရေးမှအစ တာဝန်ယူ၍ ခြေတုတပ်ပြီးနောက် စက်ဘီးစီးလေ့ကျင့်ခြင်း၊ ခြင်းခတ်ခြင်း အစရှိသည့် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ ပုံမှန်အခြေအနေ ပြန်ရောက်သည်အထိ ကူညီပေးသွား ရန် ရည်မှန်းထားသည်။
ထို့ပြင် လက်ပြတ်သွားသည့် လူနာများကို လက်တု တပ်ဆင်ပေးခြင်းနှင့် ကျောရိုးအာရုံကြောမကြီး (Spine) ထိခိုက်ထားသည့် လူနာများ လမ်းလျှောက်နိုင်၊ ထိုင်နိုင်၊ ထနိုင်အောင် ဆောင်ရွက်ပေးရန်လည်း မျှော်မှန်းထား သည်။
အလားတူ ကွန်ပျူတာ အခြေခံ၊ စက်ချုပ်၊ ဆိုင်ကယ်ပြင်၊ ကားဝပ်ရှော့ စသည့် ပညာရပ်ဆိုင်ရာ သင်တန်းများ ပေး၍ အလုပ်အကိုင် ဖန်တီးပေးနိုင်ရန် KIO အရာရှိများနှင့် တိုင်ပင်ထားပြီး၊ တော်လှန်ရေး ပြီးဆုံးသည့်တိုင် အောင် ဒီလုပ်ငန်းကို ဇောက်ချ လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“ဘယ်လောက်ထိတောင် စဉ်းစားထားလဲဆို ကျွန်တော်တို့က တစ်ခါတစ်လေကျတော့ တော်လှန်ရေး ပြီးသွားလို့ ရှိရင် စစ်အုပ်စုတပ်ဘက်က ခြေထောက်ပြတ်တဲ့သူတွေရှိဦးမှာဆို သူတို့ကိုလည်း လူသားချင်း စာနာထောက် ထားတဲ့အရ တပ်ပေးရမယ်ဆိုတဲ့ အဲ့လိုခံယူချက်အထိ ကျနော်တို့မှာ ရှိတယ်။ အခုချိန်ကတော့ မလုပ်ပေးနိုင် သေးဘူး” ဟု ဒေါက်တာ ခင်မောင်လွင်က ဆက် ပြောသည်။
လက်ရှိတွင် ဒူးအောက် ခြေတုတစ်ခုလျှင် ကျပ်ငွေ ၁၀ သိန်းနီးပါးနှင့် ဒူးအထက် ခြေတုတစ်ခုလျှင် ပစ္စည်းဖိုးတင် ကျပ်ငွေ ၁၅ သိန်းဝန်းကျင် ကုန်ကျပြီး စင်တာအတွက် လိုအပ်သည့် စက်ပစ္စည်းများ ဝယ်ယူနေရသဖြင့် ရန်ပုံငွေ အမြဲလိုအပ်လျက်ရှိသည်။
ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် မချိတ်ဆက်နိုင်သေး၍ စင်တာသို့ မရောက်ရှိသေးဘဲ စောင့်ဆိုင်း နေရသူ လူနာ ၂ ရာမှ ၃ ရာဝန်းကျင်ထိ ကျန်ရှိနေသေးသည်ဟု ဆိုသည်။
ဓာတ်ပုံ - NRC







