လက်လွတ်လိုက်ရတဲ့ ညောင်ပင်ကုန်းကို KIA ပြန်သိမ်းပိုက်၊ တိုက်ပွဲ ၃ ရက်အတွင်း အရပ်သား ၁၃ ဦး ထိခိုက် သေဆုံးမှုရှိ

လက်လွတ်လိုက်ရတဲ့ ညောင်ပင်ကုန်းကို KIA ပြန်သိမ်းပိုက်၊ တိုက်ပွဲ ၃ ရက်အတွင်း အရပ်သား ၁၃ ဦး ထိခိုက် သေဆုံးမှုရှိ

ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ တိုက်ပွဲဆက်လက်ဖြစ်နေပြီး လက်လွတ်လိုက်ရတဲ့ ရှရော်ခ(Sharaw Hka) ကျေးရွာအနီးက ညောင်ပင်ကုန်း(Lagat Kawng) တပ်စခန်းနေရာကို KIA ဘက်က ပြန်လည်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။

KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိုးစစ်ဆင်ပြီး ညောင်ပင်ကုန်းစခန်းကို ပြန်လည် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ KIA နဲ့ နီးစပ်သူ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ဒီကနေ့ မနက် ၅ နာရီလောက်ကနေ KIA ဘက်က စတင်ပြီး ပစ်ခတ်လိုက်တယ်။ ၂ ရက်နေ့က လက်လွှတ်လိုက်ရတဲ့ လဂတ်ကောင့် တပ်စခန်းနေရာမှာလည်း ပြန်အထိုင်ချနိုင်ပြီ။ စစ်ကောင်စီတပ်တွေက အဲဒီကြားမှာရှိနေကြတယ်။ အခုလည်း အဲဒီ လဂတ်ကောင့် ပတ်လည်နားမှာပဲ တိုက်ပွဲဖြစ်နေတာ။ အခုလည်း လက်နက်ကြီးသံတွေ သေချာကြားရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရှရော်ခ ညောင်ပင်ကုန်း(Lagat Kawng) တပ်စခန်းနေရာကို ဩဂုတ်လ ၂ ရက်နေ့မှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် KIA က ယာယီလက်လွတ်လိုက်ရတာ ဖြစ်ပါတယ်။

ညောင်ပင်ကုန်းနေရာက အေးမြသာယာကျေးရွာရဲ့ အထက်ပိုင်းမှာ တည်ရှိတာဖြစ်ပြီး အဲ့ဒီတောင်ကုန်းနေရာမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကနေ တပ်ထိုင်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်လဝန်းကျင်ကနေ မော်မောလယန်နဲ့ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာနှစ်ခုမှာ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဩဂုတ်လ ၁ ရက်နေ့က စတင်ပြီး ရှရော်ခ ညောင်ပင်ကုန်း ကျေးရွာဘက်ကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် KIA က တပ်ဆုတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီကနေ့မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ညောင်ကုန်းနေရာနဲ့ စစ်တပ်ရှိတဲ့ နေရာတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ နောက်ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောပြပါတယ်။

“စစ်ရေးအခြေအနေရ ပြောရမယ်ဆိုရင် မော်မောလယန်နဲ့ အမှိုက်ပုံနေရာမှာက စစ်တပ်က တပ်စွဲထားဆဲ ဖြစ်တယ်။ နောက် ခရှော်ခမှာက KIA တပ်တွေရှိတယ်။ အဲဒါကို တစ်ရက်နဲ့ နှစ်ရက်နေ့မှာက စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တက်လာတော့ ပြန်ဆုတ်လိုက်ရတယ်ပေါ့။ သုံးရက်ကနေ ဒီကနေ့အထိတော့ KIA ဘက်က အပြင်းအထန် ပြန်တိုက်ခိုက်နေတာ့ တိုက်ပွဲပြင်းနေပါတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လ ၁ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲပြန်ဖြစ်နေတဲ့ ၄ ရက်အတွင်း ဒရုန်းလက်နက်ကြီးတွေ ကျေးရွာတွေမှာ ကျမှန်ပေါက်ကွဲမှုကြောင့် ထိခိုက်မှုနဲ့ သေဆုံးသူတွေ ၁၃ ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်တွေက ဩဂုတ်လ ၃ ရက်နေ့မှာ ရှရော်ခကျေးရွာထဲ လက်နက်ကြီးကျမှန်ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် တစ်ဦးက ဒဏ်ရာပြင်းထန်နဲ့ သေဆုံးခဲ့ရပါတယ်။

ဩဂုတ်လ ၃ ရက်နေ့ တစ်ရက်ထဲမှာပဲ ဆန်းကြွယ်ကျေးရွာထဲမှာ လက်နက်ကြီးကြောင့် အမျိုးသား ၄ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဖားကန့် ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းမှာတော့ ရှရော်ခကျေးရွာအထက်ပိုင်း မျောက်ဖြူကျေးရွာမှာ လက်နက်ကြီး ကျမှန်ပြီး ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးအပါ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်သိရပါတယ်။ ၇ ဦးထိ ခိုက်ဒဏ်ရာရရှိခဲ့တဲ့ထဲကနေ ကလေးငယ်တစ်ဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး ၅ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အရပ်သား ၇ ဦးထိခိုက် သေဆုံးခဲ့ရတဲ့ မျောက်ဖြူကျေးရွာမှာကျတဲ့ လက်နက်ကြီးက ဖားကန့်ဗျူဟာကုန်းကနေ တိုက်ပွဲဖြစ်တဲ့ နေရာဘက်ကို ဦးတည်ပြီး ပစ်ခတ်လိုက်ရာ ရှရော်ခကျေးရွာကိုကျော်လွန်ပြီး မျောက်ဖြူကျေးရွာမှာ ကျမှန်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ဖားကန့်ဒေသခံတွေ ပြောပါတယ်။

ဖားကန့်ဒေသမှာ ပြင်းထန်တိုက်ပွဲငြိမ်သက်သွားတဲ့ တစ်ပတ်ကျော်ခန့်အကြာမှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲပြန်ဖြစ်တဲ့ ၃ ရက်အတွင်းမှာပဲ အရပ်သား ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုရှိခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းကနေ ဖားကန့်ဒေသထဲကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးထားပြီးတော့ ဇွန်လမှာပဲ စစ်ရေးအတွက် အရေးပါတဲ့ မော်မောဘွမ့်(Mawmau Bum) နဲ့ လမောင်ကုန်း (Lamawng Kawng) တောင်ကုန်း နှစ်နေရာကို ရရှိဖို့ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မြေပြင်စစ်ကြောင်းကို ဖားကန့်ဗျူဟာကုန်းကနေ လက်နက်ကြီးအပြင် လေကြောင်းနဲ့ တိုက်ခိုက်ပြီး စစ်ကူပေးပြီး တိုက်ခိုက်နေပေမယ့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်ခံနေရတာကြောင့် ဆက်တက်လို့မရဘဲ မော်မောလယန်၊ ဆွတ်ဘွမ့်(အမှိုက်ပုံ) ကျေးရွာတွေမှာ သောင်တင်နေတာ နှစ်လကျော်ခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

Most read this week

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...