ဖားကန့်မြို့မှာ စားသောက်ကုန်စည်အားလုံးနီးပါးပြတ်လပ်နေ

ဖားကန့်မြို့မှာ စားသောက်ကုန်စည်အားလုံးနီးပါးပြတ်လပ်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်နိုင်ဖို့ တစ်ခုတည်းသာရှိတော့တဲ့ အင်းတော်ကြီး-ဝှေခါလမ်းပိုင်း ပိတ်ပင်မှု (၂)ပတ်ကျော် ကြာမြင့်လာခဲ့ပြီး လက်ရှိ ကြက်ဥတစ်လုံးကို (၃)ထောင်ကျပ်အထိ စျေးမြင့်တက်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

စားသုံးကုန်စည်အားလုံးနီးပါး ပြတ်လတ်နေပြီး ကြက်သားတစ်ပိဿာ တစ်သိန်းကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ တစ်သိန်းကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၆ သောင်းကျပ်၊ ဝက်သား တစ်ပိဿာကို ကျပ်(၇)သောင်းခွဲနဲ့ အမဲသား တစ်ပိဿာ ၆ သောင်းခွဲကျပ်အထိ စျေးပေါက်နေတယ်လို့ ဆိုကြပါတယ်။

“ပစ္စည်းကတော့ ဘာမေးမေး ဝယ်လို့မရတော့ဘူးလေ။ အသားခြောက်လည်း ဝယ်လို့မရတော့ဘူး။ လူစားသောက်ကုန်ပစ္စည်း အတော်များများ ဘာမှ ဝယ်လို့မရတော့တာ။ ဆန်ဆို ဆင်း-၃ (ဆင်းဧကရီ-၃) တစ်အိတ်ကို (၂)သိန်းရှိတယ်။ လောလောဆယ် အဲ့ဆင်း-၃ ဆန်တစ်ခုပဲရတယ်၊ ဆန်အမာဆို ဝယ်ဖို့ မစဉ်းစားနဲ့တော့ ပြတ်လတ်သွားပြီ။ လောလောဆယ် စက်သုံးဆီတွေကတော့ စျေးတက်တာကလွဲလို့ ပြတ်လတ်တာ မရှိသေးဘူး။ အဓိကပြတ်တာက စားသုံးကုန်ပဲပြတ်တာ” ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။  

ဒီစားသုံးကုန်တွေဟာလည်း စျေးနှုန်းသာရှိနေပြီး ပစ္စည်းတွေက မရှိသလောက် ရှားပါး ပြတ်လတ်နေတာ ဖြစ်ကြောင်း သိရပါတယ်။

ပုံမှန်အချိန်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ အခြေခံစားသောက်ကုန်ဖြစ်တဲ့ ငပိအထုပ်တွေတောင် ဝယ်ယူရရှိဖို့ ခက်ခဲနေပြီး အခုလိုဖြစ်ပွားနေတာကြောင့် စားသုံးကုန်ရောင်းချတဲ့ စျေးဆိုင်အားလုံးနီးပါးလည်း ပိတ်ထားရတယ်လို့ ဆိုပါတယ်။

“ခက်ခဲတယ်။ တော်တော်လေးကို ခက်ခဲတယ်။ ပြောမပြတတ်လောက်အောင်ကို ခက်ခဲသွားကြပါတယ်။ ဟိုအရင် ကိုဗစ်ကာလကြီး ခက်ခဲတယ်ဆိုတာ လက်ရှိ ဒီကာလကို ဘယ်မှီမလဲ လက်ရှိ ဒီကာလက တော်တော်လေးကို ဝဋ်ကြွေးပါတယ်။ ဝဋ်ကိုတော်တော်ကြီးတယ် ပြောရမယ်” ဟု  ဆိပ်မူဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။

ဖားကန့်မြို့နယ်အတွင်းကို ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းနှစ်ခုရှိတဲ့အနက် မိုးကောင်း-ဖားကန့်လမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့များဘက်မှ ပိတ်ပင်ထားတာ နှစ်လခန့်ကြာမြင့်နေပြီဖြစ်သလို အခု အင်းတော်ကြီး-ဝှေခါ-ဖားကန့်လမ်းပိုင်း ဖြတ်သန်းခွင့်ကိုတော့ စစ်ကောင်စီနှင့်  KIA+PDF တပ်ဖွဲ့များက ပိတ်ပင်တာလည်းဖြစ်ပါတယ်။

July 13, 2026
‘အင်းတော်ကြီးဒေသလုံးဆိုင်ရာ ရှမ်းနီယဉ်ကျေးမှုအကအဖွဲ့’ မှ ခေါင်းဆောင် ကိုဝင်းဇော်အပါအဝင် ဒေသခံ...
July 10, 2026
ကချင်ပြည်၊ ဗန်းမော်မြို့မှ တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်မှတစ်ဆင့် မန္တလေးမြို့သို့...
July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...