တရုတ်ကုန်ပစ္စည်းများကို စက်လှေနှင့် သုံးဘီးများဖြင့် မြစ်ကြီးနားသို့ သယ်ယူနေရ

တရုတ်ကုန်ပစ္စည်းများကို စက်လှေနှင့် သုံးဘီးများဖြင့် မြစ်ကြီးနားသို့ သယ်ယူနေရ
ဓာတ်ပုံ – ရှမ်းနီအသံ
ဓာတ်ပုံ – ရှမ်းနီအသံ

မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌ ဖြတ်သန်းခွင့် ပိတ်ပင်ထားသဖြင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိရန် ဧရာဝတီမြစ်တစ်ဖက်ကမ်း ဝိုင်းမော်မြို့ဘက် မှ သုံးဘီးနှင့် စက်လှေများ အသုံးပြုကာ သယ်ယူနေကြရကြောင်း ဒေသခံများက ပြောသည်။

နယ်စပ်မှလာသည့် ကုန်တင်ယာဉ်များကို ဝိုင်းမော်မြို့နယ်ဘက်တွင် အဝင်အထွက် ပိတ်ပင်ထားသောကြောင့် အဆိုပါနည်းလမ်းဖြင့် ကူးပြောင်းသယ်ယူနေကြရခြင်းဖြစ်သည်။

ကုန်ကားသမားတစ်ဦးက “ဟိုတလောကတော့ စက်လှေနဲ့ကဲ့တယ် အခုကတော့ သုံးဘီးနဲ့ပေါ့ နည်းနည်းချင်းစီ ပေါ့လေနော့်။ အများကြီးတော့ မဟုတ်ဘူး။ အောက်ဘော်ဒီ အညီပေါ့ အဲ့လောက်ပဲ” ဟု ပြောသည်။

တရုတ်ဘက်မှ ကြက်ဥအတုများနှင့် အသားအတုများ ပေါများလာသည်ဟုဆိုကာ အခြေခံ စားသောက်ကုန် တင်ယာဉ်များကို ပိတ်ပင်ထားသည်မှာ တစ်လဝန်းကျင်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ကြောင့် ဝိုင်းမော်မြို့ရှိ ကူးတို့ဆိပ်နှင့် ခတ်ချိုကျေးရွာ ကူးတို့ဆိပ်များကို အသုံးပြု၍ ည ၇ နာရီမှ ၁၂ နာရီအထိ မြစ်ကြီးနားဘက်ကမ်းသို့ ကူးပြောင်းသယ်ယူနေကြရခြင်း ဖြစ်သည်။

လက်ရှိတွင် တံတားကို ပြန်လည်ဖြတ်သန်းခွင့်ပြုသော်လည်း ကုန်ကားကြီးများကို ဖြတ်သန်းခွင့် မပေးသေး သောကြောင့် ကုန်သည်အချို့က သုံးဘီးများကို အသုံးပြု၍ တင်သွင်းနေကြရသည်။

အဆိုပါနည်းလမ်းဖြင့် သယ်ယူနိုင်ခြင်းကြောင့် မြစ်ကြီးနားမြို့၌ အခြေခံ စားသောက်ကုန်ဈေးနှုန်းများ အဆမ တန် မြင့်တက်နေသော်လည်း လိုသလောက် ဝယ်ယူ၍ ရရှိနေသည်။

သို့သော် အသား၊ ငါးနှင့် အချို့အစားအသောက်များတွင် မပုပ်မသိုးစေရန် ကြာရှည်ခံဆေးများ အလွန်အကျူး အသုံးပြုထားကြောင်း မြစ်ကြီးနား ဒေသခံများက ဆိုကြသည်။

ကုန်စည်သယ်ဆောင်မှု အပေါ် လက်နက်ကိုင်တပ်ဖွဲ့များက အခွန်အခများ အဆမတန် ကောက်ခံနေပြီး ကားများ ရပ်နားထားသည့် ကွင်းများအထိ လိုက်လံအခွန်ကောက်ခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နေသဖြင့် ကားသမား များနှင့် ကုန်သည်များ အခက်အခဲ ဖြစ်နေကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း ညပိုင်းအတွင်း ဝင်ရောက်လာသည့် ကုန်တင်ကား ၁၀ စီးကျော်ကို ဗလမင်းထင်တံတား အနီးရှိ မိုင်းနားကျေးရွာတွင် ဖမ်းဆီးမှုများ ရှိခဲ့သည်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...