မန္တလေး - မြစ်ကြီးနား လမ်းပိုင်းပိတ်၍ မိုးညှင်းတွင် အခြေခံကုန်စည်များ ပြတ်လပ်နေ

မန္တလေး - မြစ်ကြီးနား လမ်းပိုင်းပိတ်၍ မိုးညှင်းတွင် အခြေခံကုန်စည်များ ပြတ်လပ်နေ
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်

မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် အခြေခံ ကုန်စည်များ ပြတ်လပ်လာနေပြီဖြစ်ကြောင်း မိုးညှင်းဒေသခံများက ပြောဆိုကြသည်။

အဆိုပါ လမ်းပိုင်းပေါ်ရှိ မြို့နယ်တစ်ခုဖြစ်သော မိုးညှင်းမြို့တွင် ဘိလပ်မြေ၊ ကြက်ဥ၊ ကြက်စာ၊ ဂျုံနှင့် အခြား စားသောက်ကုန်များ ပြတ်လပ် နည်းပါးနေပြီဖြစ်သည်။

မိုးညှင်းဒေသခံတစ်ဦးက “ဘိလပ်မြေတွေက ဟုတ်တယ် ပြတ်နေတာ၊ နဂိုကျန်ထားတဲ့ ဆိုင်တွေကလည်း ဈေး တက်တယ်လေ။ ကြက်ဥတွေဆိုလည်း ရှိကိုမရှိတာ။ လွန်ခဲ့တဲ့ရက်တွေကဆို ကြက်ဥက ဝယ်လို့ကို မရဘူး။ ဝယ်လည်း မစားကြတော့ဘူးလေ” ဟု ရှမ်းနီအသံသို့ ပြောသည်။

မိုးညှင်းဒေသရှိ မွေးမြူရေးကြက်များအတွက် အစာများလည်း ပြတ်လပ်မှုများ ဖြစ်ပေါ်နေသောကြောင့် ကြက် သားနှင့် ကြက်ဥများပါ ရှားပါးနေပြီဖြစ်ကြောင်း မွေးမြူရေး လုပ်ကိုင်နေသူများက ဆိုကြသည်။

ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘိလပ်မြေများလည်း ပြတ်လပ်သွားပြီး လက်ကျန်ရှိနေသည့် ဆိုင်များတွင် တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ မှ တစ်သိန်းနီးပါးအထိ ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်နေသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည် ဧရာဝတီမြစ်အရှေ့ခြမ်းမှ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်များ သည် မိုးညှင်းမြို့နယ်သို့ ရွှေ့ပြောင်း စစ်ရှောင်လာကြခြင်းလည်း ဖြစ်သည်။ အဆိုပါ အကြောင်းရင်းများကြောင့် မိုးညှင်းမြို့သည် ယခင်ထက် လူဦးရေ တိုးပွားများပြားလာပြီး အခြေခံ စားသောက်ကုန်စည်များ ပိုမိုလိုအပ်နေ ခြင်းလည်း ဖြစ်သည်။

မန္တလေး - မြစ်ကြီးနား ကားလမ်းပိုင်းသည် လမ်းတစ်လျှောက် ရေကြီးရေလျှံမှုများကြောင့် လမ်းပိုင်းများ ပျက် စီးမှုဖြစ်ပွားကာ သွားလာ၍ မရနိုင်ဖြစ်နေသည်မှာ တစ်ပတ်နီးပါး ရှိလာပြီ ဖြစ်သည်။

ကွင်းလမ်းများတွင် စိုးမိုးထားသည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကလည်း မန္တလေး - မြစ်ကြီးနား အဆင်းအတက် ယာဉ်များအားလုံးကို လမ်းပိုင်းပျက်စီးမှုများကြောင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ကြောင်း ဩဂုတ်လ ပထမအပတ်တွင် အသိပေးထားသည်။

လမ်းပိုင်းအတွင်းရှိ အချို့နေရာများတွင် ရေကျသွားသော်လည်း ပြန်လည်ပြုပြင်ရမည့် နေရာအများအပြား ကျန်ရှိနေသေးသည်။

“မန္တလေးလမ်းကို အားမကိုးတာကြာပါပြီ။ အစစအရာရာ တရုတ်နယ်စပ်ကနေ မြစ်ကြီးနားကို ဝင်တဲ့ပစ္စည်း တွေ၊ အစားအသောက်၊ အဝတ်အစားမှအစ သုံးနေကြတာကြာပြီ။ အဝတ်တွေတော့ ဈေးပေါပေမဲ့ စားသောက် ကုန်တွေက ဈေးကြီးတာပေါ့” ဟု မိုးညှင်းမြို့ပေါ်မှ အရောင်းဆိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

မိုးညှင်း၊ မိုးကောင်း အပါအဝင် ကချင်ပြည်နယ်အတွက် လိုအပ်သည့် စားသောက်ကုန်အချို့ကို တရုတ်နယ်စပ် ဒေသဘက်မှ ဝင်ရောက်မှုများ ရှိနေသော်လည်း ဩဂုတ်လအစပိုင်းတွင် တရုတ်ကုန်စည် စီးဆင်းမှုများကို တင်းကျပ်ထားသည်။

မန္တလေး - ရွှေဘို - မြစ်ကြီးနား လမ်းပိုင်းကို ၂၀၂၃ ခုနှစ်နောက်ပိုင်းကစ၍ တိုက်ပွဲများကြောင့် ဗျူဟာလမ်းမကြီး အတိုင်း အသုံးပြုနိုင်ခြင်း မရှိတော့ဘဲ ကွင်းလမ်းမှသာ ဖြတ်သန်းသွားလာနေကြရသလို လမ်းပိုင်းအခွန် များပြား မှုကြောင့်လည်း ဒေသတွင်း ကုန်ဈေးနှုန်းများ ယနေ့အထိ မြင့်တက်နေခြင်း ဖြစ်သည်။

Most read this week

September 3, 2026
ရေပန်းစားသည့် ဆက်သွယ်ရေး လူမှုကွန်ရက်များဖြစ်ကြသော Viber နှင့် Telegram တို့မှတစ်ဆင့် အွန်လိုင်း...
September 2, 2026
မြစ်ကြီးနား-မန္တလေး-ရန်ကုန် လေယာဉ်လက်မှတ်များ ဝယ်ယူရန် ပိုမိုခက်ခဲလာပြီး နှစ်လဝန်းကျင်အထိ...
ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...