မန္တလေးရောက် ဗန်းမော်စစ်ရှောင်များအတွက် ရှမ်းနီအဖွဲ့များ ထောက်ပံ့လှူဒါန်း

မန္တလေးရောက် ဗန်းမော်စစ်ရှောင်များအတွက် ရှမ်းနီအဖွဲ့များ ထောက်ပံ့လှူဒါန်း

မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNUC/SNA)၊ မန္တလေးအခြေစိုက် ရှမ်းနီလူမှုရေးအသင်းနှင့် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) တို့ ပူးပေါင်း၍ ထောက်ပံ့လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည်။

ဩဂုတ်လ ၉ ရက်နေ့က မန္တလေးမြို့၊ စက်မှု (၂) ရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်၌ အဆိုပါ ထောက်ပံ့ လှူဒါန်းမှုကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လှူဒါန်းရာတွင် စစ်ဘေးရှောင် အိမ်ထောင်စုပေါင်း ၃၄၀ စု၊ လူဦးရေ ၁,၇၈၇ ဦးတို့အတွက် အိမ်ထောင်စုတစ်စု လျှင် ဆန်တစ်အိတ်၊ ဆီတစ်ပိဿာ၊ ဆားတစ်ထုပ်၊ ဟင်းချိုမှုန့်တစ်ထုပ်အပြင် ငွေကျပ် တစ်သိန်းခွဲစီ ကူညီပေး အပ်ခဲ့သည်။

စစ်ဘေးရှောင်တစ်ဦးက “အခုဒီမှာ ထောက်ပံ့ပေးတဲ့ပစ္စည်းကို လက်ခံယူနေရတာ ဝမ်းသာသလို ဝမ်းနည်းမှု လည်း ဖြစ်တယ်။ ဗန်းမော်ဆိုတာ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်လုပ်စားခဲ့တဲ့သူတွေပါ။ အခု ကိုယ့်နေရာ မဟုတ်တဲ့ နေရာဒေသစိမ်းတဲ့နေရာမှာ ကျင်လည်လှုပ်ရှားရတော့ အခက်အခဲကြုံနေရတဲ့အခါ ထောက်ပံ့မှုတွေ ဖေးမမှုတွေရတော့ ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်ရပါတယ်” ဟု ပြောသည်။

ထောက်ပံ့မှုရရှိသည့် စစ်ဘေးရှောင်များတွင် ဗန်းမော်မြို့ပေါ် ၁၀ ရပ်ကွက်နှင့် အနီးအနား ကျေးရွာများအပြင် မိုးမောက်မြို့နှင့် မံစီမြို့မှ ဒေသခံများလည်း ပါဝင်ကြသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ဘုန်းကြီးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုးအိမ်များအပြင် တိုက်ခန်းနှင့် နေအိမ်များကို ငှားရမ်းနေထိုင်နေကြရသည်မှာ ၂ နှစ်နီးပါး ကြာမြင့်လာပြီ ဖြစ်သည်။

စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက “ပြန်လာလို့ရပြီဟေ့ဆိုရင်တောင် နေစရာမရှိတော့ဘူး။ ဒါပေမဲ့လည်း ရပြီဆိုရင်တော့ ဒီနေ့ဆို ဒီနေ့ပြန်မှာပဲ၊ ဘယ်လိုပဲနေရနေရ” ဟု ပြောသည်။

ဗန်းမော်ဒေသခံများသည် မြစ်ကြီးနား၊ မိုးညှင်းနှင့် ဟိုပင် စသည့် မြို့နယ်များအပြင် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့ တို့တွင်လည်း တိမ်းရှောင်နေထိုင်လျက် ရှိကြသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှစ၍ ဗန်းမော်မြို့အတွင်း စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် မြို့လုံးကျွတ် တိမ်းရှောင်ခဲ့ကြရခြင်း ဖြစ်သည်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...