ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို ဩဂုတ်လအတွင်း ၁ GB လျှင် ကျပ်တစ်ထောင်နှုန်းဖြင့် ဈေးနှုန်း အဆမတန် မြှင့်တင်ရောင်းချမှုများ ရှိလာကြောင်း သုံးစွဲသူ ဒေသခံများက ပြောသည်။
နန်းမားကျေးရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက “ဝိုင်ဖိုင်ကို GB နဲ့ဝယ်သုံးနေရပြီ မတန်ဘူး အရင်ကတစ်လ ကို ၅သောင်း၊ အခုက လပြတ်မရတော့ဘူး။ စက်ပိုင်ရှင်တွေက သတင်းတွေတက်တဲ့ (၁၆)ရက်နေ့ကို စ စချင်း သူတို့က (1) GB ကို ၇ထောင်နဲ့ရောင်းတာ။ ဒါပေမယ့် သုံးတဲ့သူ ဘယ်သူမှမရှိတော့ သုံးထောင်လျှော့ပေးတာ နောက်တစ်ထောင်နဲ့ ရောင်းနေတယ်” ဟု ပြောသည်။
မိုးညှင်းမြို့အတွင်းရှိ ရပ်ကွက်အချို့တွင်လည်း ၁ GB လျှင် ကျပ်တစ်ထောင်ဖြင့် ရောင်းချနေပြီး ၂၄ နာရီ (တစ်ရက်စာ) အတွက် ကျပ်တစ်သောင်းဖြင့် ဝယ်ယူသုံးစွဲနိုင်ကြောင်း မြို့ပေါ်နေထိုင်သူအချို့က ဆိုကြသည်။
သို့သော် မြို့ပေါ်တွင် အရင်ဈေးနှုန်းအတိုင်း တစ်ရက်လျှင် ကျပ် ၁,၀၀၀ သို့မဟုတ် ၂,၀၀၀ ဖြင့် အသုံးပြုနိုင်သည့် နေရာများလည်း ရှိနေသေးသည်။
အလားတူ အင်းတော်ကြီးဒေသ၊ နန့်မွန်းကျေးရွာနှင့် အချို့ကျေးရွာများတွင် GB အလိုက် ဝယ်ယူသုံးစွဲနေကြရ သလို အချို့ကျေးရွာများ၌ နာရီဖြင့် ရောင်းချပေးနေမှုများရှိပြီး ယခင် ၂၄ နာရီလျှင် ကျပ် ၂,၀၀၀ ရှိခဲ့ရာမှ ယခုတွင် ကျပ် ၅,၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာသည်။
အင်းတော်ကြီး ဒေသခံတစ်ဦးက “လိုင်းပေါ်မှာဝိုင်ဖိုင်တွေအကန့်အသတ်ဖြစ်သွားတယ်ဆိုတာကို သူတို့ အခွင့် ကောင်းယူပြီး လုပ်စားနေကြတာ။ အခုက သုံးတဲ့သူတွေအနေနဲ့ ဘယ်လိုမှ မတန်ဘူး ဖြစ်နေတာလေ။ အခုက လပြတ်လည်း မပေးတော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့မှစ၍ တရားဝင် မှတ်ပုံတင်ထားခြင်းမရှိသည့် Starlink ဂြိုဟ်တုအင်တာနက် စက်များကို ပိတ်သိမ်းမည်ဟု အသိပေးပြီးနောက် စက်အချို့ ပိတ်သိမ်းခံရမှုများ ရှိခဲ့သည်။
သို့သော် လက်ရှိအချိန်အထိ Starlink အင်တာနက် ဝန်ဆောင်မှုမှာ GB Plan စနစ်သို့ ပြောင်းလဲသွားခြင်းမရှိဘဲ ယခင်အတိုင်း ပုံမှန်ဆက်လက် အသုံးပြုနေရဆဲ ဖြစ်သည်။







