ကချင်ပြည်နယ်အထက်ပိုင်း မေခမြစ်ရှိရာ ဒေသတစ်ဝှိုက် မိုးသည်းထန်စွာ ရွာသွန်းနေလို့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်း မြေပြိုမှုတွေဖြစ်နေပြီး ရေဘေးဒဏ်ကြုံထားရတဲ့ ချီဖွေဒေသခံတွေ ကုန်ပစ္စည်းပြတ်လပ်မှာကို စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကစလို့ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်၊ လန်ဆယ် ဒေသတို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်စခန်း၊ ဒေသခံနေအိမ်တစ်ချို့အပါအဝင် လူသေဆုံးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် နောက်ဆက်တွဲကတော့ ချီဖွေ–ဝိုင်းမော် လမ်းပိုင်း ၃ နေရာလောက် မြေပြိုခဲ့တာကြောင့် ယာဥ်ငယ်တွေသာ အဲ့ဒီလမ်းကို အသုံးပြုလို့ရတဲ့အခြေနေလို့ ဒေသခံတွေက ပြောပါတယ်။
“ဝိုင်းမော်လမ်းပိုင်းမှာ မိုးကြီးလို့ ချီဖွေ–ဝိုင်းမော်ကြား လမ်းမြေပြိုတယ်။ လမ်းမြေပြိုတဲ့နေရာမှာ ကုန်ကားတွေက သွားလို့မရ ရပ်တန့်နေရတယ်။ ဆိုင်ကယ်သမားတွေက ဝါးဖောင်လုပ်ပြီး ကူးပေးနေကြတယ်။ အရမ်းလည်းခက်တယ်။ လမ်းလည်းအခြေနေဆိုးတယ်။ မြေပြိုတဲ့နေရာကလည်းများတယ်“ လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ချီဖွေ–ပန်ဝါလမ်းပိုင်းမှာဆိုရင် လမ်းပိုင်းမြေပြိုလို့ မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာလို့မရဘဲ တစ်ချို့သော ကုန်စည်တွေလည်း စတင်ပြတ်လပ်နေပြီလို့ သိရပါတယ်။
လက်ရှိ ချီဖွေ–ဝိုင်းမော်လမ်းပိုင်းမှာတော့ ဝါးဖောင်သုံးပြီး ဖြတ်သန်းလို့ရနေပြီး လူတစ်ဦးကို ဖြတ်သန်းခ ကျပ် ၅ ထောင်နဲ့ ဆိုင်ကယ်တစ်စီးကိုတော့ ကျပ် ၁ သောင်းနဲ့ ဖြတ်သန်းသွားလာနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ချီဖွေဒေသမှာ ပြီးခဲ့တဲ့နှစ်ကထက် မိုးကြီးပြီး မေခမြစ်ရေမြင့်တက်မှုက အရှိန်ပိုမြန်တာကြောင့် ရေဘေးသင့်ဒေသခံတွေ အစားအသောက်နဲ့ အရေးပေါ်အကူညီများစွာ လိုအပ်နေကြတယ်လို့ ဆိုပါတယ်။
“အရင်နှစ်ကလည်း ရေကြီးထားတာဆိုတော့ ဒီနှစ် အဲ့လောက်ရေကြီးမယ်မထင်လို့ နှစ်ရက်သုံးရက်စာလောက်ပဲ ရိက္ခာသယ်ကြတယ်။ အများပိုင်းကတော့ စစ်ရှောင်စခန်းရဲ့ အပေါ်ထပ်မှာ ကျပ်ခိုးစင်လိုနေရာမှာ တင်ထားခဲ့ကြတာ။ မနှစ်က ရေအရမ်းကြီးတာတောင် ခေါင်မိုးပေါ်ထိမရောက်ဘူး သူတို့ကလည်း အဲ့လိုထင်တော့ အခုက စခန်းတွေအားလုံးမျှောပြီး ဘာမှရစရာမရှိတော့ဘူး အခုက အခြေခံစားသောက်ကုန်တွေက လိုအပ်နေတယ်” လို့ ချီဖွေဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာ ကချင်ပြည်နယ်အထက်ပိုင်း မေခ၊ မလိခမြစ်စီးဆင်းရာဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေမြင့်တက်လာခဲ့ပြီး ဒီနေ့မနက်ပိုင်းအထိ စိုးရိမ်ရေအမှတ်ထက် ၂ လက်မအထိ ကျော်လွန်ရောက်ရှိခဲ့တာပါ။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ ရက်လောက်စပြီး တရွေ့ရွေ့နဲ့တက်လာတဲ့ မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီနေ့နေ့လည် ၁၁ နာရီ ဝန်းကျင်ကစလို့ နာရီဝက်အတွင်း ၂ လက်မခန့်နှုန်းနဲ့ မြစ်ရေစကျနေပြီလို့ ကချင်ပြည်နယ်မိုးဇလရဲ့ ဦးစီးမှူး ဦးနိုင်လင်းထွေးက သူ့ရဲ့ ဖေ့ဘုတ်စ်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။
မြစ်ကြီးနားမြို့ရဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကချင်စု၊ ကြက်ပေါင်ခြံ၊ ပေါ်ဦး၊ လယ်ကုန်း၊ ရမ်ပူ၊ မြို့သစ်ကြီးတို့က ဒေသခံတွေကတော့ မနေ့ကစလို့ ရေဘေးစရှောင်ခဲ့ကြပြီး မနောကွင်းရှိရာ စီတာပူတစ်ဝှိုက်ကတော့ မနေ့က မနက်ပိုင်းကစလို့ ရေတွေ စတင်ဝင်ရောက်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၄၀၀ cm ကျော်အထိ ရောက်ရှိခဲ့ပြီး ဒီရက်ပိုင်း မြင့်တက်လာတဲ့ ဧရာဝတီမြစ်ရေကတော့ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီး ၁၂၀၅ cm ထိ ရောက်ရှိခဲ့ရာ လက်ရှိတော့ စိုးရိမ်ရေအမှတ်အောက် ၁ ပေကျော်လောက် ကျဆင်းသွားပြီလို့ ပြည်နယ်မိုးဇလက ထုတ်ပြန်ထားပါတယ်။







