ဇင်းဘုံရွာအနီး တပ်ဖြန့်သည့် စစ်အုပ်စုတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်တိုက်ထုတ်

ဇင်းဘုံရွာအနီး တပ်ဖြန့်သည့် စစ်အုပ်စုတပ်ကို တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်တိုက်ထုတ်
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း

ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က စစ်အုပ်စု တပ်များ ဝင်ရောက်၍ အင်အားဖြန့်ကျက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည် တိုက်ခိုက်ခဲ့ ကြောင်း ရွှေကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

စစ်သင်္ဘောအုပ်စု ကသာမြို့အနီးသို့ ရောက်ရှိလာချိန်တွင် ရွှေကူမြို့၌ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့များက မော်တော်များဖြင့် ဇင်းဘုံကျေးရွာဘက်ကမ်းသို့ တက်ရောက်ကာ အင်အားဖြန့်ကျက်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၃၀ ရက်နေ့တွင် တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်၍ နယ်မြေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

ရွှေကူကာကွယ်ရေးတပ်ဖွဲ့ဝင်က “ဇင်းဘုံက ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ ပိုင်စိုးထားတဲ့နယ်မြေ ပါပဲ။ သူတို့ စစ်သင်္ဘောအုပ်စု ကသာနားကို ရောက်ခါနီးလေးမှာ မော်တော်တွေနဲ့ ရွှေကူကနေ ခိုးပြီး ဇင်းဘုံ ဘက်ကမ်းကို တက်သွားတယ်။ သူတို့ ကမ်းပေါ်တက်တယ်။ အင်အားတချို့ကို ဖြန့်ကျက်လိုက်တယ်။ အဲ့ဒါကို တော်လှန်ရေးအင်အားစုဘက်က တိုက်ခိုက်ပြီး သိမ်းယူတဲ့သဘောပါပဲဗျ” ဟု ပြောသည်။

ဇင်းဘုံကျေးရွာသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ရွှေကူမြို့မှ အထက်ဘက်သို့ ဆန်တက်ပါက စင်းခန်းတံတား အနီးတွင် တည်ရှိသည်။

အဆိုပါ ဒေသကို တော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၄ ခုနှစ် စင်းခန်းတံတား သိမ်းပိုက်ချိန်ကတည်းက ထိန်းချုပ် ထားခဲ့ခြင်း ဖြစ်သည်။

အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က “ဇင်းဘုံက စင်းခန်းတံတားရဲ့ အောက်နားလေး ကပ်လျှက် အောက်ဆွဲ လေးမှာပဲ။ စင်းခန်းနဲ့အနီးဆုံးပဲ။ အဲ့တော့ ဒီနေရာက အရေးကြီးတာပေါ့ဗျာ။ အဲ့ဒါဆိုတော့ သူတို့ဘက်ကလည်း တက်တာတွေလည်းရှိသလို ကိုယ့်ဘက်ကလည်း စောင့်ကြည့်ပြီးမှ ချေမှုန်းဖို့အတွက်ပေါ့လေ။ ဇင်းဘုံနားကျ တော့ မြစ်အကျဉ်းဆုံးနေရာလည်း ဖြစ်တယ်” ဟု ဆက်လက်ပြောဆို သည်။

ဇင်းဘုံကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့် တစ်ပြိုင်တည်းမှာပင် ရွှေကူမြို့နှင့် ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများဘက်သို့ စစ်အုပ်စုတပ်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ပြုလုပ်လျက် ရှိသည်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်က “လောလောဆယ်မှာတော့ Y-12 တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ရှိမယ်ထင်တဲ့ နေရာတွေကို မှန်းပြီး ချတယ်။ ဒီမနက်မှာလည်း ၁၂၂ လို့ခေါ်တဲ့ အဝေးပစ်အမြောက်တွေနဲ့လည်း ရွှေကူကနေ ရေလဲ၊ ဆင်တပ်ရွာတွေဘက်ကို လှမ်းပစ်တယ်တဲ့” ဟု ပြောသည်။

လက်ရှိတွင် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုမှ ရေယာဉ်များသည် ရွှေကူမြို့အတွင်းရှိ သင်္ဘောဆိပ်နှင့် ဘလက် ဆိပ်တို့တွင် ဆက်လက်ရပ်နားထားပြီး သင်္ဘောပေါ်ပါလာသည့် ကုန်ပစ္စည်းများကို ချယူလျက်ရှိသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နှင့် ကသာမြို့များကို ဖြတ်သန်းကာ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

စစ်သင်္ဘောအုပ်စု၌ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ အခြားရေယာဉ် ၄ စီး၊ သဲစုပ်သင်္ဘော ၁ စီးနှင့် ကုန်တင်/တွဲတွန်း သင်္ဘော ၈ စီးအပါအဝင် ရေယာဉ် ၁၅ စီးခန့် ပါဝင်သည်။

Most read this week

မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...
ဗန်းမော်မြို့သို့ ဦးတည်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စု ရွှေကူ နယ်သို့ ရောက်ရှိစဉ် / Crd
August 28, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းသို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်...