အလံဖြူထောင်ခဲ့သည့် စစ်သင်္ဘောပေါ်တွင် တပ်မိသားစုဝင်များနှင့် ဝန်ထမ်းများ လိုက်ပါလာ

အလံဖြူထောင်ခဲ့သည့် စစ်သင်္ဘောပေါ်တွင် တပ်မိသားစုဝင်များနှင့် ဝန်ထမ်းများ လိုက်ပါလာ
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။

ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ် တိုက်ခိုက်ခံရသဖြင့် အလံဖြူထောင် လက်နက်ချလာသည့် စစ်အုပ်စု စစ်သင်္ဘောပေါ်တွင် တပ်မိသားစုဝင်များ လိုက်ပါလာသည်ဟု ဗန်းမော်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ထို့ပြင် ဗန်းမော်နယ်ခံများ၊ စစ်အုပ်စုနှင့် နီးစပ်သူများ၊ ဝန်ထမ်း၊ ရဲနှင့် စစ်သားများ၊ သူတို့၏ မိသားစုဝင်များနှင့် ဗန်းမော်သို့ ပြန်ဝင်မည်ဖြစ်သည့် စစ်ဘေးရှောင် အချို့ ပါဝင်ကြောင်းလည်း ဗန်းမော်ဒေသခံ တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ စစ်သင်္ဘောအုပ်စုသည် ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဆိပ်၌ ၅ ရက်ကြာ ရပ်နားပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့က ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်စဉ် စင်းခန်းတံတား အနီးဝန်းကျင်၌ တော်လှန်ရေးတပ်ဖွဲ့များ ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် စစ်သင်္ဘောပေါ် လိုက်ပါလာသူ အချို့ အလံဖြူထောင်ကာ လက်နက်ချလာခဲ့ပြီး၊ ထိုသို့ လက်နက်ချသူ များထဲတွင် ဗန်းမော်၌ စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် လူအင်အားများပါ ပါဝင်လာခြင်းဖြစ်ကြောင်း ဆိုသည်။

“တပ်မိသားစုနဲ့ပြီးရင် ဗန်းမော်နယ်ခံ၊ စစ်တပ်နဲ့နီးစပ်တဲ့သူတွေပါတယ်ဗျ။ စစ်တပ်က ဒီတစ်ခါ အပိုင်တွက် ထားတာလို့ ပြောနေလို့ရတယ်။ သူတို့ စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ဝန်ထမ်း၊ ရဲ၊ စစ်သားနဲ့ သူတို့မိသားစု တချို့နဲ့ ပြီးရင် ဗန်းမော် ပြန်ဝင်မယ်ဆိုတဲ့ စစ်ရှောင်တချို့ပါတယ်။ အဲ့လိုတော့ သိထားရတယ်” ဟု ဗန်းမော် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရုပ်သံမှတ်တမ်းနှင့် ပတ်သက်၍ စစ်သင်္ဘောပေါ် လိုက်ပါလာသူများထဲတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ မိသားစု ဝင်များ ပါဝင်သည်ဆိုသည့် အချက်အား သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း၊ ဗန်းမော်ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်အရ တပ်မိသားစုဝင်များ လိုက်ပါလာသည်ဆိုသည့် အချက်ကို သိရှိရခြင်းဖြစ်သည်။

KNG သတင်းဌာနက ရရှိထားသည့် ရုပ်သံမှတ်တမ်းများနှင့် လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေသည့် ရုပ်သံများ ထဲတွင်လည်း လက်နက်ချထားသည့် အမျိုးသားများအပြင် အမျိုးသမီးနှင့် ကလေးငယ်များကိုပါ တွေ့ရသည်။

အဆိုပါ စစ်ရေးသုံး ရေယာဉ်များ၊ ကုန်တင်ကုန်ချနှင့် တွဲတွန်းရေယာဉ် စုစုပေါင်း ၁၅ စီးခန့် ပါဝင်သည့် စစ်သင်္ဘောအုပ်စုသည် ဩဂုတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စတင်ထွက်ခွာလာပြီး သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာတို့ကို ဖြတ်သန်းကာ ဩဂုတ်လ ၂၈ ရက်နေ့တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ရွှေကူဆိပ်ကမ်းတွင် ကုန်ပစ္စည်းအချို့ ချခဲ့ပြီးနောက် ဗန်းမော်သို့ ဆက်လက်ဆန်တက်ရန် ကြိုးပမ်းစဉ် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး၊ လက်ရှိတွင် သင်္ဘောအချို့ ပျက်စီးသွားသော်လည်း ကျန်ရှိနေသည့် သင်္ဘောများမှာ ဗန်းမော်ဘက်သို့ ဆက်လက်ဆန်တက်နိုင်ခြေ ရှိနေသေးသည်။

“လောလောဆယ် ကျန်နေတဲ့ အစီးရေ ၇ စီးလောက်ရှိသေးတယ်လို့လည်း ကြားတယ်။ ဒါတွေကတော့ ဗန်းမော်ဝင်နိုင်ခြေ များတယ်” ဟု ဗန်းမော်ဒေသခံ တော်လှန်ရေးတက်ဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် မည်သည့် ရေယာဉ်အမျိုးအစားများ ဆန်တက်သွားသည်နှင့် ပစ်ခတ်ခံရ၍ ပျက်စီးသွားသည့် စစ်သင်္ဘောများ၏ အမျိုးအစားကိုမူ အတည်မပြုနိုင်သေးပေ။

ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...
မြစ်ဆုံစီမံကိန်း ဖော်ဆောင်မည့် မေခနှင့် မလိခ ဆုံဆည်းရာ မြစ်ဆုံဒေသ။ / KNG
August 31, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေကာတာစီမံကိန်းနေရာသို့ တရုတ်နိုင်ငံသား...
ဓာတ်ပုံ - (မြစ်ကြီးနားမြို့တွင်း မြင်ကွင်းတစ်ခု / Crd)
August 31, 2026
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့်...
August 31, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘော...