စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြား ရုန်းကန်နေရသည့် ကချင် ဒေသရှိ ပြည်သူများအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကို အသုံးပြုကာ ခြိမ်းခြောက် ငွေညှစ်ခံ နေရခြင်းသည် နောက်ထပ် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။
အဓိကအားဖြင့် ကချင်ပြည်၏ မြို့တော် မြစ်ကြီးနား အပြင် မိုးကောင်းနှင့် မိုးညှင်းမြို့တို့တွင် လုပ်ငန်း အကြီး အသေးမရွေး ဖုန်းနှင့် Viber မှတစ်ဆင့် ငွေတောင်းခံမှုများ ရှိနေပြီး အချို့ ပြည်သူများမှာ အသက်အန္တရာယ်ထိပါ ခြိမ်းခြောက်ခံနေရသည်။
ငွေညှစ်ခံနေရသည့် ပြည်သူတစ်ဦးက “သက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းမဆို သူတို့နာမည်အသုံးချပြီး ငွေတောင်း နေတဲ့သူတွေကို အမိဖမ်းပြီး ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့ ပေါ့။ ဒါမှလည်း ပြည်သူတွေက သူတို့အားသန်ရာ ဘယ်အဖွဲ့အစည်းမဆို စိတ်ချယုံကြည်လို့ရတယ်ဆိုတာ ဖြစ်ကြမှာလေ။ ခုကျ ဘယ်သူ့အဖေခေါ်ရမှန်း မသိတော့ဘူး။ အကုန်လုံးကို လက်အုပ်ချီနေရတော့” ဟု ပြော သည်။
မည်သို့ ငွေညှစ်နေသနည်း ….?
ခြိမ်းခြောက်ငွေညှစ်သူများသည် ဖုန်းမက်ဆေ့ချ်နှင့် Viber တို့မှတစ်ဆင့် စာပို့၍ လက်နက်ကိုင်အဖွဲ့အစည်း များ ၏ အမည်များကို အသုံးပြုကာ ခြိမ်းခြောက်လျက်ရှိသည်။ မုန့်ဆိုင်၊ ဈေးဆိုင်၊ စက်သုံးဆီဆိုင်နှင့် ဘော်ဒါဆောင် များ အပါအဝင် လုပ်ငန်းအကြီးအသေးမရွေး ယင်းပြဿနာများနှင့် ရင်ဆိုင်နေကြရသည်။
“စီးပွားရေးလုပ်နေတဲ့ အတော်များများ အဲ့လိုခြိမ်းခြောက်ခံကြရတာ။ လုပ်ငန်း အသေးအကြီးမရွေးဘူး။ ငွေမပေးရင် သတ်မယ် ဘာညာပဲပြောတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
အချို့နေရာများတွင် တောင်းခံထားသည့် ငွေကို လူကိုယ်တိုင် လာရောက်ပေးဆောင်ခိုင်းခြင်းများရှိပြီး ငွေမပေး နိုင်ပါက အသက်အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခံနေရသည်။
ထို့ပြင် SNA၊ KIA/KPDF စသည့် အဖွဲ့အစည်းများ၏ အမည်များကို သုံး၍ လုပ်ငန်းအမျိုးအစားပေါ် မူတည်ကာ ကျပ် ၅ သိန်းဝန်းကျင်မှ သိန်း ၂၀ အထိ တောင်းခံမှုများလည်း ရှိနေသည်။
ထိုသို့ ခြိမ်းခြောက်ငွေညှစ်ခံရမှုများပြားလာသဖြင့် ပြည်သူများဘက်က တံဆိပ်တုံးပါသည့် တရားဝင် အမိန့်စာရွက်များ တောင်းဆိုသော်လည်း လူကိုယ်တိုင်လာရောက်၍ အခွန်ဆောင်ပြီးမှ ဖြတ်ပိုင်းပေးမည်ဟု ပြန်လည်အကြောင်းပြန်လေ့ရှိသည်။
ထိုသို့ တရားဝင် အထောက်အထားများ သေသေချာချာ မပြနိုင်သဖြင့် ငွေမပေးသည့်အခါတွင်လည်း အသက် အန္တရာယ်ပြုမည်ဟု ပြန်လည်ခြိမ်းခြောက်ကြသည်။
လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကို အသုံးပြု၍ ငွေညှစ်ခြိမ်းခြောက်မှုများသည် ၂၀၂၁ ခုနှစ် စစ်အုပ်စု တပ် အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်အတွင်း ဆက်တိုက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ပိုမို ဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။
တစ်ဖက်တွင်လည်း မဟာမိတ်တပ်ပေါင်းစု (NBPDF) အဖွဲ့၏ ပြောကြားချက်အရ PDF အမည်ခံ၍ ငွေညှစ်မှု များသည် ၂၀၂၂ ခုနှစ်ခန့်ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ အစပိုင်းတွင် လုပ်ငန်းရှင်များနှင့် ဈေးဆိုင်များကို အဓိကထား ငွေညှစ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်ခန့်မှစ၍ ကိုယ်ပိုင်စာသင်ကျောင်းများကိုပါ ငွေညှစ်ခြင်း၊ ဗုံးခွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်လာသည်။
ဗုံးခွဲတိုက်ခိုက်မှု မပြုလုပ်မီ ငွေတောင်းသည့် ခြိမ်းခြောက်စာများ အရင်ပို့လေ့ရှိပြီး ငွေမပေးပါက ကျောင်းအနီး ပတ်ဝန်းကျင်တွင် ဗုံးခွဲတိုက်ခိုက်လေ့ရှိကြောင်း NBPDF ဘက်က ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်း ပြည်ဟိန်း၊ IELTS နှင့် ALL STAR စသည့် ကိုယ်ပိုင်စာသင်ကျောင်း ၃ ကျောင်း ဗုံးခွဲတိုက်ခိုက် ခံခဲ့ရပြီး ဇွန်လခန့်မှစ၍ တစ်လလျှင် တစ်ကြိမ်နှုန်းဖြင့် ခြိမ်းခြောက်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။
ဘာကြောင့် ငွေညှစ်မှုများ ဖြစ်လာရသနည်း ….?
စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်တွင် စစ်ရေးအခြေအနေများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ကြက်ဥတစ်လုံးလျှင် ကျပ် ၁,၂၀၀ ဝန်းကျင် အထိ ပေးဝယ်နေရသဖြင့် အခြေခံစားသောက်ကုန်များကိုပင် ခက်ခဲစွာ ဝယ်ယူနေရသည်။
ကုန်ဈေးနှုန်း မြင့်တက်မှုအပြင် ကျေးလက်ဒေသ အများစု၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသဖြင့် လယ်ယာ လုပ်ငန်းကဲ့သို့ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပုံမှန် မလုပ်ကိုင်နိုင်ကြပေ။
တိုက်ပွဲနှင့် နီးစပ်သည့်နေရာများ၌ လက်နက်ကြီးကျရောက်ခြင်း၊ ခရီးသွားလာစဉ် ပေါ်တာဆွဲခံရမည်ကို စိုးရိမ်ရ ခြင်းတို့ကြောင့် ပုံမှန် လုပ်ကိုင်စားသောက်ရန် အခွင့်အလမ်းများ လျော့နည်းလာသည်။
ထို့ပြင် စီးပွားရေးအခြေအနေ ကျဆင်းမှုနှင့် အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် လူငယ်များအပါအဝင် ဝင်ငွေမရှိ ဘဲ စားဝတ်နေရေး ကျပ်တည်းမှုများ ပိုမိုဆိုးရွားလာသည်။ ယင်းသို့ စစ်ရေး၊ စီးပွားရေးနှင့် အလုပ်အကိုင် အခက် အခဲများ ပြိုင်တူကြုံတွေ့နေရခြင်းသည် ငွေညှစ်ခြိမ်းခြောက်မှုများ ပိုမိုဖြစ်ပေါ်လာရသည့် အဓိက အကြောင်း ရင်းတစ်ခုအဖြစ် ဒေသခံများက ရှုမြင်ကြသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်က မြစ်ကြီးနားမြို့ပေါ် ရွှေညောင်ပင်ရပ်ကွက်တွင် လူငယ်တစ်ဦးကို သေနတ် အတုတစ်လက်၊ လက်ပစ်ဗုံးတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖမ်းဆီးခံရသူကို စစ်ဆေးရာ၌ မြို့ပေါ်တွင် ဓားပြတိုက်မှုများ၌ ပါဝင်ကြောင်း ထွက်ဆိုခဲ့ပြီး မူးယစ်ဆေးဝါး သုံးစွဲသူဖြစ်ကြောင်းလည်း အတည်ပြုနိုင်ခဲ့သည်။
ထို့ကြောင့် မူးယစ်ဆေးဝါး ပြဿနာသည်လည်း ယင်းအခြေအနေကို ပိုမိုဆိုးရွားစေသည့် အကြောင်းရင်းတစ်ခု ဖြစ်နေသည်။ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်လာပြီး ကျောင်းသား လူငယ်အချို့ပါ သုံးစွဲလာကြကြောင်း ဒေသခံများက ဆိုသည်။
မူးယစ်ဆေးဝါး သုံးစွဲမှုများပြားလာသည်နှင့်အမျှ လူငယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်ကို ထိခိုက်လာပြီး ပုံမှန်အလုပ်လုပ်ရန်ထက် ငွေကို အလွယ်တကူရရှိနိုင်မည့် နည်းလမ်းများကို ရွေးချယ်လာကြသည်။
အလုပ်အကိုင် ရှားပါးမှု၊ ဝင်ငွေနည်းပါးမှုနှင့် မူးယစ်ဆေးဝါး ပြဿနာများပေါင်းစပ်ကာ ရာဇဝတ်မှုများဘက်သို့ ရောက်ရှိသွားစေခြင်း ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။
တော်လှန်ရေးအဖွဲ့ဘက်က မည်သို့ပြောသနည်း ….?
မြစ်ကြီးနားမြို့အပါအဝင် မိုးကောင်းနှင့် မိုးညှင်းစသည့် နေရာများတွင် KPDF များ မရှိသကဲ့သို့ အခွန်ငွေ ကောက်ခံခွင့်လည်း မရှိကြောင်း NBPDF ဘက်က ဆိုသည်။
တရားဝင် အခွန်ငွေများ ကောက်ခံနေသည့် KIO အစိုးရ ရှိသော်လည်း တရားဝင်ပြေစာ၊ တံဆိပ်တုံးများဖြင့် နှစ်စဉ် တစ်နှစ်စာ အချိုးကျ ကောက်ခံခြင်းဖြစ်သည်။
မဟာမိတ်တပ်ပေါင်းစု (NBPDF) ဘက်က ၂၀၂၂/၂၀၂၃ ခုနှစ်ခန့်တွင် ယင်းသို့ ခြိမ်းခြောက်ငွေညှစ်သူ ၂ ဦးကို ဖမ်းဆီးရမိခဲ့သလို ၂၀၂၄/၂၀၂၅ ခုနှစ်တွင်လည်း နောက်ထပ် ၂ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများတွင် အသက် ၂၀ ကျော်မှ ၃၀ ကျော်အရွယ်များ ပါဝင်ပြီး ခိုးဆိုးလုယက်မှု ပြုလုပ်ခဲ့ဖူးသည့် ထောင်ထွက်များနှင့် ပြည်သူ့စစ်များနှင့် နီးစပ်သူများ ပါဝင်သည်။
လုပ်ငန်းရှင်ကြီးများထံမှ ကျပ်သိန်း ၅၀၀ မှ ၁,၀၀၀ အထိ ငွေညှစ်လေ့ရှိပြီး ရွှေဆိုင်များကိုလည်း ဓားပြတိုက်မှု များ ပြုလုပ်ကြသည်။ ထိုသို့ ငွေညှစ်မှုများ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခြင်းမှာ ငွေကြေးအများအပြား ရရှိချိန် တွင် ခဏတာ ငြိမ်သက်သွားသည့် သဘောဖြစ်ကြောင်း NBPDF တာဝန်ခံတစ်ဦးက ပြောသည်။
“ဘာကြောင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်ရသလဲဆိုရင် အချီကြီးရထားပြီးရင် ခဏငြိမ်မယ်။ ငတ်လာရင် သား ကောင်ထပ်ရှာ လုပ်ကြတယ်လို့ သုံးသပ်မိတယ်။ ဘယ်လို အိုင်ဒီယာမျိုးနဲ့ ငွေညှစ်တောင်းကြတယ် ဆိုတာတော့ ခိုးဆိုးလုယက်တဲ့ အဖွဲ့တွေပဲ သိလိမ့်မယ်။ ဒီနောက်ပိုင်း တိုင်ကြားတာတွေ မလုပ်ကြတော့ဘူး” ဟု ၎င်းက ပြော သည်။
ဘာကြောင့် တိုင်ကြားရန် ခက်ခဲနေသနည်း ….?
စစ်အုပ်စုတပ်အနေဖြင့် ခြိမ်းခြောက်ငွေညှစ်သူများနှင့် ခိုးဆိုးလုယက်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူ ခြင်းမရှိဘဲ ပြန်လွှတ်ပေးလေ့ရှိသဖြင့် လက်သပ်မွေးထားခြင်းဖြစ်ကြောင်း ပြည်သူများအကြား ဝေဖန်မှုများ ရှိနေသည်။ ထို့ကြောင့် ပြည်သူများက ရဲစခန်းများသို့ သွားရောက်တိုင်ကြားခြင်း မပြုကြတော့ပေ။
လက်ရှိ ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်ငွေညှစ်မှုများသည် စစ်အုပ်စုတပ် ထိန်းချုပ်နယ်မြေများတွင် ပိုမိုများပြား နေသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဘက်က လာရောက်အရေးယူရန် ခက်ခဲကြောင်း ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“စကစတို့ နောက်ကွယ်မှာရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြို့နဲ့နီးတဲ့နေရာတွေမှာဘဲ လုပ်လို့ရနေတော့။ ကေအိုင်အေ ထိန်းချုပ်နယ်မြေတွေမှာတော့ အခုလိုခြိမ်းခြောက် ငွေညှစ်တာတွေ လုပ်လို့ မရဘူး။ ပြီးတော့ ထိရောက်စွာအရေးယူတာ ဖြစ်တဲ့အတွက် စကစနဲ့ နီးစပ်တဲ့သူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့လည်း စကစ ထိန်းချုပ်နယ်မြေတွေမှာ ပိုဖြစ်နေတယ်လို့ မြင်တယ်။”
အဆိုပါ ပြဿနာနှင့် ပတ်သက်၍ ရပ်ရွာကို အုပ်ချုပ်နေသူများ၌ တာဝန်ရှိသော်လည်း လက်ရှိအခြေအနေအရ တာဝန်ယူနိုင်စွမ်း မရှိကြပေ။
သို့သော် ရပ်ရွာအုပ်ချုပ်သူများနှင့် လူကြီးများအနေဖြင့် သေချာစွာ တိုင်ပင်ဆွေးနွေး၍ ပူးပေါင်းဖြေရှင်းရန် လိုအပ်သလို ပြည်သူလူထုကလည်း အချင်းချင်း ကူညီကာကွယ်ကြရန် လိုအပ်သည်။
မည်သူ့၌ တာဝန်ရှိသနည်း ….?
စစ်ရေး၊ စီးပွားရေးနှင့် လုံခြုံရေး ကျပ်တည်းမှုများကြား ရုန်းကန်နေရသည့် ကချင်ဒေသရှိ ပြည်သူများအတွက် လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကို သုံး၍ ငွေညှစ်ခံရခြင်းသည် နောက်ထပ် ဖိအားတစ်ခုဖြစ်နေသည်။
ငွေတောင်းခံရသည့် နေရာများသည် စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် မြို့ပေါ်ဒေသများ ဖြစ်သဖြင့် မည်သူ့ထံ တိုင်ကြားရမည်ကို မသိရှိကြပေ။
ငွေတောင်းခံသူများမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်သည်ကို ခွဲခြားရန် ခက်ခဲသလို ငွေမပေးပါက အသက် အန္တရာယ်ပြုမည်ဆိုသည့် ခြိမ်းခြောက်မှုများကြောင့် မသင်္ကာပါကလည်း တိုင်ကြားရန် စိုးရိမ်နေကြရသည်။
ထို့ကြောင့် ငွေညှစ်သူများကို ထိထိရောက်ရောက် ဖော်ထုတ်အရေးယူရန်နှင့် ပြည်သူများ တိုင်ကြားနိုင်မည့် လုံခြုံသော နည်းလမ်းများ ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိသည်။
ငွေညှစ်ခံရသည့် ကချင်ပြည်သူတစ်ဦးက “သက်ဆိုင်ရာ ဘယ်အဖွဲ့အစည်းမဆို သူတို့နာမည်အသုံးချပြီး ငွေ တောင်းနေတဲ့သူတွေကို အမိဖမ်းပြီး ထိထိရောက်ရောက်အရေးယူပေးစေချင်ပါတယ်။ အပြောမဟုတ်ဘဲ လက်တွေ့ပေါ့။ ဒါမှလည်း ပြည်သူတွေက သူတို့အားသန်ရာ ဘယ်အဖွဲ့အစည်းမဆို စိတ်ချယုံကြည်လို့ရတယ် ဆိုတာ ဖြစ်ကြမှာလေ။ အခုကျ ဘယ်သူ့အဖေခေါ်ရမှန်း မသိတော့ဘူး။ အကုန်လုံးကို လက်အုပ်ချီနေရတော့” ဟု ပြောသည်။
အဆိုပါ ပြဿနာကို ဖြေရှင်းရာတွင် ငွေညှစ်ခံရသူများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစား၍ တာဝန်ရှိသူများက စိစစ်ဖော်ထုတ်ရန် လိုအပ်သည်။ သို့မှသာ လက်နက်ကိုင်အဖွဲ့အစည်းများ၏ အမည်ကို အသုံးပြု၍ ငွေညှစ်နေ မှုများကို တားဆီးနိုင်မည် ဖြစ်သည်။
စစ်ရေးနှင့် စီးပွားရေး အခက်အခဲများကြားတွင် ငွေညှစ်ခြိမ်းခြောက်မှုများ ဆက်လက်ရှိနေပါက ပြည်သူများ၏ စားဝတ်နေရေးကို ပိုမိုဆိုးရွားစေသည့်အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကိုလည်း ထိခိုက် စေနိုင်သဖြင့် ထိရောက်စွာ အရေးယူရန်နှင့် လုံခြုံသော တိုင်ကြားရေး နည်းလမ်းများ ဖော်ဆောင်ပေးရန် လိုအပ် လျက်ရှိသည်။







