ကလေး - ဂန့်ဂေါကြားရှိ ဒေသခံပြည်သူများ လေကြောင်းရန်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲဖြစ်

ကလေး - ဂန့်ဂေါကြားရှိ ဒေသခံပြည်သူများ လေကြောင်းရန်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရဆဲဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အကြားရှိ ကျေးရွာနေ ဒေသခံအများစုဟာ လေကြောင်းရန်ကြောက်လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ကလေး - ဂန့်ဂေါအကြားက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အောင်သာယာ (အရှေ့၊ အနောက်)၊ ပျူစောထီးစိုးမိုးတဲ့ ကြံသာရွာတွေကို  CDF – KKG (Kalay-Kabaw-Gangaw) တပ်ဖွဲ့ရဲ့ Major Operation အဖြစ် ချင်းလက်နက်တပ်ဖွဲ့တွေနဲ့ မြေပြန့်ဒေသ လက်နက်ကိုင်တပ်ဖွဲ့တွေက စုပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလကနေစလို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

ဒါ့ကြောင့်လည်း ၂ လအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ကလေး - ဂန့်ဂေါကြားရှိ ကျေးရွာတွေကို  လေကြောင်းကနေ အပြင်းအထန်  ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များစွာရှိခဲ့ပြီး နေအိမ်အဆောက်အဦများစွာလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ကလေး - ဂန့်ဂေါကြားရှိ ဆည်တောရွာနေ ဒေသခံတစ်ဦးက “ကျနော်တို့ ဆည်တောရွာနားက ကမ်းပါးနီ စခန်းသိမ်းတိုက်ပွဲတုန်းကဆိုရင် ကျနော်တို့ရွာထဲ စကစက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေရှိတယ်။ အခုလက်ရှိ ရွာမှာ မဖြစ်မနေ နေနေရတဲ့သူတွေလောက်ဘဲကျန်တာ။ ကျန်တဲ့ တော်တော်များများက ရွာမှာမနေရဲကြသေးဘူး။ လေကြောင်းရန် ကြောက်ကြလို့လေ။ တခြားနေရာတွေကို တိမ်းရှောင်နေကြရတယ်၊ အခုလောလောဆယ်တော့ ဗုံးကြဲတိုက်ခိုက်တာ မရှိပေမယ့် စိတ်မချရဘူးလေ” လို့ ပြောပါတယ်။

ချင်းတောင်ခြေမှာရှိတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့်ဂေါမြို့အကြားဟာ စစ်ရေးနဲ့ နိုင်ငံရေးအတွက် ဗျူဟာကျတဲ့ လမ်းကြောင်းဖြစ်လို့ အခုလို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ရတာဖြစ်တယ်လို့ CDF – KKG Major Operation တစ်ခုလုံးကို စစ်ရေးကွပ်ကဲခဲ့တဲ့ ချင်းအမျိုးသားတပ်မတော် (CNA) က ပြောထားပါတယ်။

ကလေးနယ်ထဲမှာရှိတဲ့ တင်သား၊ ရှားဘို၊ ကျောက်ဖူး၊ ဒိုးနွယ်၊ ဆည်တော၊ အရှေ့စည်း၊ အမြောက်စည်း၊ သံဖို၊ အောင်သာယာ၊ မှန်တော စတဲ့ ကျေးရွာတွေနဲ့ ဂန့်ဂေါမြို့နယ်ထဲက ကန်ရွာ၊ မွေ့လယ်၊ နှမ်းခါး၊ မြင်သား၊ သာလင်း၊ ရွှေဘို၊ အင်းကျွန်း၊ ကျောက်ပြုတ်၊ လယ်ကြား စတဲ့ ကျေးရွာတွေမှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ အမြောက်များ ရှိနိုင်တယ်လို့လည်း  သိရပါတယ်။

March 14, 2026
ရခိုင်ကုန်သည် တစ်ဦးမေ့ကျန်ခဲ့တဲ့ ရူပီးငွေ ၁၅ သိန်း ( မြန်မာကျပ်ငွေ သိန်း ၇၅၀ခန့်)ကို ပိုင်ရှင်ထံ...
March 13, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ဘက်ကို စစ်ကူအင်အား ၂၀၀ ကျော်နဲ့...
March 12, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းမှာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးတွေမှာ စစ်ကောင်မရှင်ဘက်က...
March 11, 2026
နိုင်ငံတော်အတွက်ဖြစ်သင့်ဖြစ်ထိုက်တဲ့လိုက်လျောမှုတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်သလို...