ဘိတ်-ထားဝယ်ခရိုင်၌ ငှက်ဖျားရောဂါ ဆေးဝါးများ ပြတ်လပ်

ဘိတ်-ထားဝယ်ခရိုင်၌ ငှက်ဖျားရောဂါ ဆေးဝါးများ ပြတ်လပ်

KNU - ကရင်အမျိုးသားအစည်းအရုံး၊ ဘိတ်-ထားဝယ် ခရိုင်တွင် ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ဆေးဘက်သုံးပစ္စည်းများ ပြတ်လပ်နေသည်ဟု ခရိုင်ကျမ်းမာရေးတာဝန်ခံပဒိုနော်အယ်ဆဲတိုးက ကေအိုင်စီသို့ ပြောသည်။

ငှက်ဖျား ဆေးဝါးများ ပြတ်လပ်ရခြင်းသည် အမေရိကန် အစိုးရ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ - USAID က လူသားချင်းစာနာမှု အကူအညီများကို ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းတွင် ဖြတ်တောက်လိုက်သည့် အကျိုးဆက် ကြောင့် ဖြစ်သည်။ ယခုလို ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ဆေးဘက်သုံးပစ္စည်းများ ပြတ်လပ်နေမှု အခြေအနေနှင့် ပတ်သက်၍ ခရိုင် ကျမ်းမာရေးတာဝန်ခံ ပဒိုနော်အယ်ဆဲတိုးက ယခုလို ပြောသည်။

“အခု ဘိတ်-ထားဝယ်ခရိုင်မှာ ငှက်ဖျားရောဂါနဲ့ ငှက်ဖျား ရောဂါ ရှာဖွေတဲ့ ဆေးဘက်သုံးပစ္စည်းတွေ ပြတ်လပ်နေပါတယ်။ ဒါက USAID က ထောက်ပံ့မှု ရပ်လိုက်တဲ့ အတွက် ငှက်ဖျားဆေးတွေ ဖြတ်တောက်ခံရတာ ဖြစ်ပါတယ်။ အဲ့လိုအခက်အခဲတွေရှိတယ်။ တခြားနည်းလမ်းတွေကိုတော့ ရှာရမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် ဘိတ်-ထားဝယ်ခရိုင်တွင် အဖြစ်များသည့် လက်ရှိ နွေရာသီတွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ များ အဖြစ်များပြီး ငှက်ဖျားရောဂါသည် မိုးတွင်းကာလ၌ အဖြစ်များသလို ခရိုင်အတွင်း ဒုတိယအဖြစ်များဆုံး ရောဂါဖြစ်သည်ဟု ပဒိုနော်အယ်ဆဲတိုးက ဖြည့်စွက်ပြောသည်။

ဘိတ်-ထားဝယ် ခရိုင်အတွက် ငှက်ဖျားရောဂါ ဆေးဝါးများနှင့် ရောဂါရှာဖွေရေး ပစ္စည်းများကို ကရင်ကျမ်းမာရေးနှင့် ကယ်ဆယ်ရေးဌာန - KDHW (ဗဟို) က သုံးလတစ်ကြိမ် ပို့ပေးလေ့ရှိပြီး ယခုနှစ် ဖေဖော်ဝါရီလအထိ ပို့ပေးပြီး ဖြစ်သည်။ လာမည့် သုံးလအတွက် နည်းလမ်းရှာ ပို့ဆောင်သွားနိုင်ရန် စီစဉ်နေသည်ဟု KDHW ဌာန တာဝန်ခံ ပဒိုဒိုင်းမွန်းခင်က ယခုလို ပြောသည်။

“ဘိတ်-ထားဝယ် ခရိုင်ကို ငှက်ဖျားဆေးတွေ ဖေဖော်ဝါရီလ အထိ ပို့ပေးပြီး ဖြစ်ပါတယ်။ လာမဲ့ သုံးလစာအတွက် နည်းလမ်းရှာ ပိုဆောင်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လမ်းကြောင်းလည်း ရှာနေတယ်။ ကလေးကာကွယ်ဆေး တွေနဲ့ အတူပို့နိုင်ဖို့ စီစဉ်နေပါတယ်” ဟု ပဒိုဒိုင်းမွန်းခင်က ပြောသည်။

ဘိတ်-ထားဝယ်ခရိုင်တွင် ငှက်ဖျားရောဂါ ဆေးဝါးများမှလွဲ၍ အခြားရောဂါများအတွက် ဆေးဝါးများ ပြတ်လပ်မှု မရှိသေးကြောင်း ခရိုင်ကျမ်းမာရေးဌာနမှ သိရသည်။

January 19, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ထဲရှိ ကျုံဒိုး၊ ကော့ကရိတ်၊ နဘူးစစ်အုပ်စု တပ်နယ်တပ်ရင်းများနှင့်...
January 17, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အဓိက ဝင်ငွေရပေါက်လမ်းအဖြစ် နယ်မြေတွင်း မူးယစ်ဆေးဝါး...
January 16, 2026
ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့တောင်ဘက်ဒေသ တိုက်ပွဲများကြောင့် နှစ်ရှည် နေရပ်စွန့်ခွာ...
January 15, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း ရွေးကောက်ပွဲနယ်မြေချဲ့ထွင်ရေးအတွက် ပြီးခဲ့သည့် ဇန်နဝါရီ (၁၀...