ကရင့်ရိုးရာ လက်ချည်ပွဲတော်

ကရင့်ရိုးရာ လက်ချည်ပွဲတော်
(ဓာတ်ပုံ - KIC)
(ဓာတ်ပုံ - KIC)

ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏ နောက်ခံသမိုင်းကြောင်းကို ဦးစွာ လေ့လာ တင်ပြရမည်ဖြစ်ရာ အထောက်အထား အချက်အလက်များ ရရှိရန် ခက်ခဲ ရှားပါးခြင်းကြောင့် ယခု တင်ပြချက်မှာ ပြည့်စုံ လုံလောက်မှု မရှိနိုင်ပါ။

ထို့ကြောင့် ယခင်က လေ့လာ မှတ်သားခဲ့ဖူးသော အချက်အလက်များကို အတတ်နိုင်ဆုံး စုဆောင်း၍ ကောက် နုတ် ရေးသားတင်ပြအပ်ပါသည်။

ကရင်လူမျိုးများသည် ဘီစီ ၇၃၉ မှ အစပြု၍ တိဗက်ကုန်းမြေမြင့်မှ ဆင်းသက်လာခဲ့ကြပြီး ဖူးထိုမဲပါ အမည်ရှိ သော ကရင်ခေါင်းဆောင်ကြီးက တရုတ်ပြည်ရှိ ယန်စီကျန်းမြစ်ဖျားအတိုင်း မြောက်အရပ်မှ တောင်အရပ်သို့ ရေကြည်ရာ မြက်နုရာ ဆင်းသက်လာကြသည်ဟု သုတေသန ပညာရှင်များက လက်ခံယုံကြည်ကြသည်။

လက်ချည်ပွဲ ဖြစ်ပေါ်လာပုံ

ကရင်လူမျိုးများသည် ခေါင်းဆောင်ကြီး ဖူးထိုမဲပါနှင့်အတူ လိုက်ပါလာစဉ် ဝါခေါင်လအတွင်း မိုးများ ပြင်းထန် စွာ ရွာသွန်းခြင်း၊ သဲချောင်းများ ပြင်းထန်စွာ စီးဆင်းခြင်းနှင့် တောင်ပြိုခြင်း အစရှိသည့် သဘာဝ ရာသီဥတု ဘေးဒဏ်များကို ပြင်းထန်စွာ ကြုံတွေ့ရ၍ ဖျားနာခြင်း၊ သေဆုံးခြင်းများ ကြုံတွေ့ခဲ့ကြရသည်။

ထို့ပြင် အခြားအုပ်စုများ၏ လာရောက် တိုက်ခိုက်ခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်။

ခေါင်းဆောင်ကြီး ဖူးထိုမဲပါသည် ကိုယ်ကာယဗလ ပြည့်စုံပြီး သတ္တိရှိခြင်း၊ သိက္ခာသမာဓိနှင့် ပြည့်စုံခြင်း၊ တည် ကြည်ဖြောင့်မတ်၍ သစ္စာရှိသော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သဖြင့် နောက်လိုက်ငယ်သားများက ယုံကြည် အားကိုးကြသည်။

ထို့ကြောင့် ဖူးထိုမဲပါသည် ၇ ရက်နေ့ သားသမီးများကို အကြောင်းပြု၍ ၇ ရက်၊ ၇ နံ့၊ ၇ မျိုး ပါဝင်သော ပစ္စည်း များဖြင့် အဓိဋ္ဌာန် ပြုခဲ့သည်။

မိမိ၏ နောက်လိုက်ငယ်သားများ သဘာဝဘေးဒဏ်မှ ကင်းဝေးရန်နှင့် တစ်ဦးနှင့် တစ်ဦး လွယ်ကူစွာ မှတ်မိစေ ရန်အတွက် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ဖွဲ့ထုံးခြင်းကို ဝါခေါင်လ၌ အစပြုခဲ့ ရာမှ ဝါခေါင်လ ကရင်လက် ချည်ပွဲတော် စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

လက်ချည်ပွဲတွင် ပါဝင်သော ပစ္စည်း ၇ မျိုးနှင့် ယုံကြည်မှု အဓိပ္ပာယ်

၁။ ချည်ဖြူ - အဖြူရောင်ချည်သည် ဖြူစင်သန့်ရှင်းခြင်း၊ မိမိ လက်ကောက်ဝတ်တွင် ချည်ဖြူ ရှိနေခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝ ရှိခြင်းနှင့် သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူ ကိုယ့်လူ၊ ရန်သူကို ခွဲခြားသိနိုင်ခြင်း အဓိပ္ပာယ် ဆောင်သည်။

၂။ ရေ - ရေသည် အေးမြကြည်လင်ခြင်း၊ သက်ရှိသက်မဲ့ အားလုံး မှီဝဲ သောက်သုံးနိုင်ခြင်း၊ ရှင်သန်ခြင်းနှင့် စိမ်းလန်းစိုပြည်ခြင်း အဓိပ္ပာယ် ဆောင်သည်။

၃။ ပန်း - လှပတင့်တယ်ခြင်းနှင့် မွှေးကြိုင်လန်းဆန်းစေခြင်း အဓိပ္ပာယ်ကို ဆောင်သည်။

၄။ ကြံ - ကြံပင်၏ အဆစ်အမြစ်တိုင်းတွင် အတက်အလက်များ ပေါက်ဖွားရှင်သန်ခြင်းကြောင့် မိမိ၏ အမျိုးအနွယ် အစဉ်အဆက်များ ဆက်လက် ရှင်သန်ခြင်းကို ဆိုလိုသည်။

၅။ ငှက်ပျောသီး - ငှက်ပျောသီးသည် ပင်ကိုယ် အနံ့အရသာနှင့် ပြည့်စုံခြင်း၊ အဖူးတစ်ခုတည်းမှ အသီးအပွင့်များ အစုလိုက်အပြုံလိုက် ပေါက်ဖွားလာခြင်း၊ အစုလိုက် အခိုင်လိုက် ပေါင်းစည်း ထွက်ပေါ်လာခြင်း အဓိပ္ပာယ်ကို ဆောင်သည်။

၆။ ထမင်းဆုပ် - ထမင်းဆုပ်ကဲ့သို့ စုစည်း စည်းလုံးညီညွတ်မှု ရှိခြင်း၊ အာဟာရနှင့် အသက်ရှင်သန်စေခြင်း အဓိပ္ပာယ်ကို ဆောင်သည်။

၇။ ကောက်ညှင်းထုပ် - ကောက်ညှင်းကို ဝါးရွက်ဖြင့် သုံးထောင့်ချိုး၍ ထုပ်ရသောကြောင့် ဖြောင့်မတ်သော အချိုးအစားရှိခြင်း၊ ကောက်ညှင်း၏ စေးကပ်သော အဓိပ္ပာယ်ဖြင့် တစ်ပေါင်းတစ်စည်းတည်း စုစည်း၍ မကွဲ မကွာ အတူတကွ ရှိခြင်း အဓိပ္ပာယ် ဆောင်သည်။

လက်ချည်ပွဲ ကျင်းပပုံနှင့် ယုံကြည်မှုများ

မျက်မှောက်ခေတ်တွင် ကျင်းပပုံ အမျိုးမျိုးမှာ မိသားစုအလိုက်၊ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်၊ အသင်းအဖွဲ့ အလိုက် ဝါခေါင်လပြည့်နေ့တွင် ပြုလုပ်ကျင်းပကြသည်။ ထို့အပြင် မိသားစုအတွင်း ဖျားနာခြင်း၊ သေဆုံးခြင်းနှင့် မင်္ဂလာဆောင်ခြင်းတို့တွင်လည်း အထူး ပြုလုပ်ကြသည်။

ရှေးထုံးတမ်းစဉ်လာအရ လက်ချည်ပေးမည့် ပုဂ္ဂိုလ်သည် သီလသမာဓိရှိခြင်း၊ ရိုးသားတည်ကြည်ခြင်းနှင့် တရား မျှတခြင်းတို့ဖြင့် ပြည့်စုံသောသူ ဖြစ်ရသည်။ အထူးသဖြင့် သက်ကြီးရွယ်အို အဖိုးအဖွားများနှင့် ကျေးရွာ၊ ရပ်ကွက် အကြီးအကဲ လူကြီးများက ဦးဆောင် ချည်ငင်ပေးကြသည်။

ကရင်လူမျိုးသည် ရှေးထုံးတမ်းစဉ်လာ ရိုးရာမပျက် လက်ချည်ပွဲကို ယုံကြည်စွာဖြင့် မိမိတို့ရိုးရာကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။

လက်ချည်ပွဲကို ပိုးကရင်စကားဖြင့် ‘ခိုင်စူးပလူးလာ’ ဟု ခေါ်တွင်ပြီး မြန်မာစကားဖြင့် ‘လက်ချည်လိပ်ပြာ ခေါ် ခြင်း’ ဟု အဓိပ္ပာယ်ရသည်။ ဤသို့ လက်ချည်ခြင်းအားဖြင့် ကိုယ်ကာယ သန်မာထွားကျိုင်း၍ ကျန်းမာစေခြင်း၊ လူချစ်လူခင် မိတ်သဟာယ ပေါများခြင်း၊ ဉာဏ်ပညာ ထူးချွန်ခြင်း၊ ပစ္စည်းဥစ္စာ ပေါများခြင်းနှင့် ဘေးအန္တရာယ် ကင်းဝေးစေသည်ဟု ရှေးဓလေ့အတိုင်း ယုံကြည်ကြသည်။

မျက်မှောက်ကာလ

ယခု မျက်မှောက်ကာလတွင် စစ်မှန်သော အမျိုးသားရေး စိတ်ဓာတ်ရှိသော ကရင်ခေါင်းဆောင်များနှင့် ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုး၍ လေးစားစွာ ထိန်းသိမ်းတတ်သော ကရင်လူမျိုးများက ညီညွတ်ရေးနှင့် အမျိုးသားရေးကို အခြေခံပြီး ကရင်လူမျိုးများ နေထိုင်ရာ ဒေသအနှံ့အပြားတွင် နှစ်စဉ် ဝါခေါင်လ၌ လက်ချည်ပွဲ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

မြန်မာနိုင်ငံအတွင်း ကရင်ပြည်၊ မွန်ပြည်နှင့် ဧရာဝတီတိုင်း (မြစ်ဝကျွန်းပေါ်) စသော ကရင်လူမျိုး အများစု နေထိုင်ရာ ဒေသများတွင် ကျင်းပလေ့ရှိကြသည်။ ရန်ကုန်မြို့တွင် ဟံသာဝတီအဝိုင်းအနီးရှိ ကရင်ဘိုကလေး ကျောင်းတိုက်၌ နှစ်စဉ် ကျင်းပကြသည်။

ထို့ပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ (OKRSO) အဖွဲ့က ဦးဆောင်၍ ဘန်ကောက်မြို့တွင်လည်းကောင်း၊ ထိုင်း နိုင်ငံရှိ ကရင်လူမျိုး အများစု နေထိုင်သော ကန်ချနဘူရီခရိုင်တွင်လည်းကောင်း နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ရိုးရာမပျက် ကျင်းပကြသည်။

ကရင်လူမျိုးများသည် နိုင်ငံရေး၊ ဘာသာရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှု စသည့် အတွေးအခေါ် အယူအဆများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးသော ကရင်အမျိုးသားအရေးသည် ကရင်လူမျိုးအတွက်သာ အဓိက အစစ် အမှန်ဖြစ်ပြီး ကရင်စကားသည် ဒို့စကား၊ ကရင်စာပေသည် ဒို့စာပေ၊ ကရင်သုခုမ အနုပညာသည် ဒို့ပညာ၊ ကရင် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းသည် ဒို့ရိုးရာ ဓလေ့ထုံးတမ်းဆိုသော ဂုဏ်အင်္ဂါများနှင့်အညီ သန္နိဋ္ဌာန်ပြုကြ ရင်း လက်ချည်ပွဲတော် အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းရင်းသား မိတ်ဆွေ သားချင်းများကို ချစ်ကြည်ရင်းနှီးစွာ ဖိတ်ခေါ်လျက် သာယာလှပသော အနာဂတ် ခရီးပန်းတိုင်သို့ ညီညွတ်စွာ လက်တွဲလျှောက် လှမ်းနေကြသည်။

စောတကော်အွာ

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...