မယ်လစခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါး မလုံလောက်မှုဖြစ်

မယ်လစခန်းတွင် နာတာရှည်ရောဂါသည် တိုးလာပြီး ဆေးဝါး မလုံလောက်မှုဖြစ်
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)

ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ ဖြစ်ပွားမှုများ တိုးပွားလာပြီး ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးရရှိရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း စခန်း တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

ယခင်က နာတာရှည်ရောဂါသည်များအတွက် စခန်းတွင်းရှိ ဆေးရုံနှင့် ဆေးပေးခန်းများမှ လစဉ် ဆေးဝါးများ ထောက်ပံ့ပေးနိုင်ခဲ့သော်လည်း ဒုက္ခသည်များအတွက် နိုင်ငံတကာအကူအညီများ လျှော့ချခံရပြီးနောက် ဆေးဝါး မလုံလောက်မှုများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အထူးသဖြင့် စခန်းအတွင်း သက်ကြီးပိုင်းများအကြား ဆီးချို၊ သွေးတိုးနှင့် ကျောက်ကပ်ရောဂါကဲ့သို့ နာတာရှည် ရောဂါ ဖြစ်ပွားသူ လစဉ်တိုးလာနေပြီး လိုအပ်သည့် ဆေးဝါးနှင့် ကုသမှုများကို ပုံမှန်မရရှိတော့သဖြင့် ရောဂါ အခြေအနေ ပိုမိုဆိုးရွားလာနေသည်။

“တစ်လပြီးတစ်လ ဖြစ်တဲ့လူတွေ ပိုတိုးလာတယ်။ အရင်တုန်းက နာတာရှည်ရောဂါသည်တွေအတွက် ဆေးရုံက လစဉ်ဆေးဝါး ထောက်ပံ့တာတွေရှိတော့ အဆင်ပြေတယ်။ အခု ထောက်ပံ့ကြေးတွေ လျှော့လိုက်တော့ ဆေးဝါး မလုံလောက်တော့ဘူး။ အဲဒါကြောင့် နာတာရှည်ရောဂါသည်တွေရဲ့ အခြေအနေက ပိုဆိုးလာပြီး ပိုများလာ တယ်” ဟု မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ စောဆန်းဒေးက ပြောသည်။

လက်ရှိတွင် စခန်းအတွင်း နာတာရှည်ရောဂါသည်များနှင့် ပတ်သက်သည့် တိကျသော စာရင်းဇယား ရရှိရေး လုပ်ဆောင်နေဆဲဖြစ်သည်။

စခန်းတွင်း ဆေးရုံများ၌ လိုအပ်သည့် ဆေးဝါးအချို့ မရရှိတော့သဖြင့် လူနာများမှာ စခန်းပြင်ပသို့ ကိုယ်တိုင် ငွေစိုက်ထုတ်ကာ ဆေးဝါးဝယ်ယူနေရပြီး ငွေကြေးမတတ်နိုင်သူများမှာ တိုင်းရင်းဆေးများကို အစားထိုးသုံးစွဲ နေရသည်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “အများအားဖြင့် ဆီးချို သွေးတိုးနဲ့ နောက်ဆက်တွဲ ကျောက်ကပ်ရောဂါပါ ဖြစ် လာကြတယ်။ စခန်းပြင်ပပို့ရမယ့် လူနာတွေအတွက်လည်း ကုန်ကျစရိတ်တွေရှိတယ်။ အခြေအနေဆိုးတဲ့ လူနာတွေကို အပြည့်အစုံ မကူညီနိုင်တော့ လူနာတွေ အိတ်စိုက်ရှင်းရတယ်။ အစားအသောက်လည်း ရွေးစရာ မရှိတော့ ရှောင်ရမယ့် အစားအစာတွေကိုပဲ စားနေရတာတွေရှိတယ်” ဟု ပြောသည်။

၂၀၂၅ ခုနှစ်အစပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီများ လျှော့ချခံခဲ့ရသဖြင့် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အကန့်အသတ်ဖြင့်သာ ထောက်ပံ့ပေးနိုင်တော့သည့် အခြေအနေဖြစ်ပေါ်နေသည်။

Most read this week

သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...
September 17, 2026
စစ်အုပ်ချုပ်ရေးယန္တရား ပြန်လည်ထူထောင်ထားသည့် ကရင်ပြည်၊ ကော့ကရိတ်မြို့ပေါ် ရပ်ကွက်များတွင် လူသူ...
ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ - KNPC ၏ အစည်းအဝေး မြင်ကွင်း။)
September 16, 2026
ကရင်အမျိုးသားတပ်မတော် (KNA)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် KNU/KNLA-PC (...