စမတ်ကတ်နှင့် သန်းခေါင်စာရင်း အချက်အလက်ပြင်ဆင်မှုအတွက် ကျပ်သိန်းဂဏန်းအထိ ပေးနေရ

စမတ်ကတ်နှင့် သန်းခေါင်စာရင်း အချက်အလက်ပြင်ဆင်မှုအတွက် ကျပ်သိန်းဂဏန်းအထိ ပေးနေရ
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)

ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) ရုံးတွင် ဒေသခံများ စမတ်ကတ် (Smart Card) ပြုလုပ်ခြင်းနှင့် သန်းခေါင်စာရင်း အချက်အလက် ပြင်ဆင်ခြင်း များ၌ ရုံးဝန်ထမ်းများက အနည်းဆုံး ငွေကျပ် ၅ သောင်းမှ ၃ သိန်းအထိ တောင်းခံမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျေးရွာနေ စစ်ဘေးရှောင်များ အပါအဝင် ဒေသခံများ ခရီးသွားလာရာတွင် ဒေသတွင်း စစ်အုပ်စု ဂိတ်စခန်းများ က ယခင် မှတ်ပုံတင်ကတ်အစား စမတ်ကတ် ရှိ၊ မရှိ စစ်ဆေးမေးမြန်းမှုများ ပိုမိုပြုလုပ်လာသောကြောင့် လဝက ရုံးသို့ လာရောက်၍ ကတ်ပြုလုပ်သူ များပြားနေခြင်းဖြစ်သည်။

ယခု ဇူလိုင်နှင့် ဩဂုတ်လအတွင်း မှတ်ပုံတင်အစားထိုး စမတ်ကတ် လာရောက်ပြောင်းလဲ ပြုလုပ်ကြသူများထံမှ ကော့ကရိတ်မြို့နယ် လဝက ဝန်ထမ်းများက ငွေကျပ် ၁ သိန်းမှ ၃ သိန်းအထိ တောင်းခံနေကြောင်း လဝကရုံးနှင့် နီးစပ်သည့် ကေအိုင်စီ သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။

“စမတ်ကတ်မပါရင်၊ ထောက်ခံစာမပါရင် ဂိတ်ကြေး တစ်သောင်း ပေးရတော့ လဝကရုံးမှာ စမတ်ကတ်တွေ လာလုပ်ကြတာ။ တစ်ခုလုပ်ရင် လဝက စာရေးနဲ့ အရာရှိကို ၁ သိန်းကနေ ၃ သိန်းအထိ ပေးရတာမျိုး ဖြစ်နေ တယ်။ ပွဲစားကြေးနဲ့ အမြန်ကြေး ဆိုတာလည်း ပေးရတယ်” ဟု အဆိုပါ သတင်းအရင်းအမြစ်က ပြောသည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကာလ မတိုင်မီက စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ကော့ ကရိတ်မြို့ပေါ်သို့ ပြန်လည်နေထိုင်သူများအတွက် ပြည်နယ်စစ်အုပ်စု ဌာနဆိုင်ရာက စီမံချက်ဖြင့် စမတ်ကတ် များကို အခမဲ့ ပြုလုပ်ပေးခဲ့သော်လည်း ယခုအခါ ငွေမပေးပါက ကတ်မရခြင်း သို့မဟုတ် လုပ်ငန်းစဉ်များ ကြန့်ကြာမှုရှိခြင်းတို့ ဖြစ်ပေါ်နေသည်။

ထို့ပြင် စမတ်ကတ်ပါ မိသားစုအချက်အလက်၊ အမည်၊ လူမျိုး၊ လိပ်စာ မှားယွင်းမှုများ ပြင်ဆင်ရန်အပြင် အိမ်ထောင်စုဇယား (သန်းခေါင်စာရင်း) အမည်တိုးထည့်ခြင်းနှင့် ပြောင်းရွှေ့ခြင်းတို့အတွက်လည်း ငွေကျပ် ၅ သောင်းမှ ၁ သိန်းခွဲအထိ ပေးဆောင်နေရကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

မြဝတီသို့ ပြောင်းရွှေ့နေထိုင်သည့် ကော့ကရိတ်ဒေသခံတစ်ဦးက “ကော့ကရိတ်မှာ စစ်ဖြစ်လို့ မြဝတီတက်နေ တာ ၂ နှစ်ကျော်ပြီ။ အခု အိမ်ထောင်စုစာရင်း ပြောင်းဖို့ ကော့ကရိတ်ရုံးမှာ သွားထုတ်တာ လဝက စာရေးကို ၁ သိန်းခွဲ ပေးရတယ်။ မြဝတီ လဝကမှာ စာရင်းပြန်ဝင်တာက ၁ သိန်း။ ကလေးနှစ်ယောက် စမတ်ကတ်လုပ်တာ လည်း ၃ သိန်းဆီ ပေးရတယ်။ နာမည်မှား၊ အချက်အလက်မှားတာ ပြင်ရင်က အနည်းဆုံး ၅ သောင်းကနေ ၁ သိန်းခွဲလောက်အထိ တောင်းတယ်” ဟု ပြောသည်။

ထို့ပြင် ဟိန္ဒူနှင့် မွတ်စလင် စသည့် လူမျိုးခြားများအတွက်မူ စမတ်ကတ်ကို ချက်ချင်းမရဘဲ ပြည်နယ်အဆင့်နှင့် နေပြည်တော်အဆင့် ခွင့်ပြုချက်တောင်းခံပြီးမှသာ ပြုလုပ်ပေးသည်။

လဝကရုံးက လာဘ်ငွေယူ၍ ထိုသို့ ဆောင်ရွက်နေသည့်အပေါ် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးဌာနနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များထံ ကေအိုင်စီအနေဖြင့် ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ထို့အတူ အဆိုပါကိစ္စနှင့် ပတ်သက်၍ လူမှုကွန်ရက် မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသော် လည်း ပြည်နယ်စစ်အုပ်စုဘက်က တစ်စုံတစ်ရာ စစ်ဆေးအရေးယူသည့် ဖြစ်စဉ်မျိုး လက်ရှိအချိန်အထိ မတွေ့ရှိ ရသေးကြောင်း မြို့ခံများက ပြောသည်။

ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...