ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ (Chinland Council) က ဩဂုတ်လ ၂၈ ရက်တွင် ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
“ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးပြီး (၂)နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု” အစီရင် ခံစာ မိတ်ဆက်ပွဲကို အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ရင်ဘတ်ချင်းတူသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်ထန်းက “မင်းအောင်လှိုင်ကို တချို့လူတွေက မကြိုက်ကြဘူး၊ ဒါပေမဲ့ တခြားရွေးစရာမရှိဘူးဆိုပြီးတော့ ပြောတာတွေ ရှိတယ်။ ကျနော်တို့ကသာ "We are the alternative" (ပို ကောင်းတဲ့လမ်းကြောင်း/အစိုးရ) ဖြစ်တယ်ဆိုပြီး လုပ်ပြနိုင်ရင် အင်မတန်ကောင်းတယ်။ အခုလည်း ဖက်ဒ ရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုပြီး လုပ်ကြတယ်၊ အဲဒါက ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ပဲ အရေးကြီး တယ်” ဟု ပြောသည်။
ချင်းပြည်ကောင်စီ အပါအဝင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ အနေဖြင့် စစ်အုပ်စုနှင့် စင်ပြိုင်အဖြစ်မဟုတ်ဘဲ အစိုးရတစ်ရပ်အနေဖြင့် ပြသလုပ်ဆောင်နိုင်မှ သာ ပြည်သူလူထုအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုဆက်ဆံမှု ရရှိမည်ဖြစ် ကြောင်းလည်း ၎င်းက ဖြည့်စွက်အကြံပြုသည်။
Chin Centre for Peace and Reconciliation (CCPR) ၏ ပံ့ပိုးမှုဖြင့် ပြုစုသည့် အဆိုပါအစီရင်ခံစာသည် စစ်အာဏာသိမ်းပြီးနောက် ဗဟိုချုပ်ကိုင်မှုမရှိတော့သည့် ချင်းပြည်နယ်၌ မြို့နယ်နှင့် ဒေသ ၁၉ ခုမှ ကိုယ်စား လှယ်များကို အခြေခံ၍ နှစ်နှစ်ခွဲကာလအတွင်း ချင်းပြည်ကောင်စီ၏ အုပ်ချုပ်ရေးဖော်ဆောင်မှုများကို စုစည်းတင်ပြထားခြင်း ဖြစ်သည်။
ထို့ပြင် လက်ရှိ ချင်းပြည်၏ လူဦးရေ ၂၅၀,၀၀၀ ကျော်အတွက် လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားလွှတ်တော် ချုပ် မဏ္ဍိုင်သုံးရပ်ဖြင့် အုပ်ချုပ်ရေး ဆောင်ရွက်နေပြီး ချင်းပြည်လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းထားသော ဥပဒေ ၉ ခုဖြင့် အမှု ၁၈ ခု ကြားနာဆုံးဖြတ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ မြို့နယ်နှင့် ဒေသတရားရုံး ၂၅ ရုံးအနက် ၂၃ ရုံးမှာ လက်ရှိ လည်ပတ်နေဆဲဖြစ်သည်။
သို့ရာတွင် ဘဏ္ဍာရေးနှင့် လူ့အရင်းအမြစ် ရှားပါးမှုကြောင့် မူဝါဒများကို အကောင်အထည်ဖော်ရာ၌ အားနည်း ချက်များရှိနေပြီး ပညာရေးတွင်လည်း ကျောင်းဆရာ၊ ဆရာမများ၏ လုပ်ခလစာအတွက် ရပ်ရွာအလှူငွေများ ကိုသာ အဓိကမှီခိုနေရသည်။
ထို့အတူ ချင်းတော်လှန်ရေး အင်အားစုများအကြား စုစည်းညီညွတ်မှု၊ ယှဉ်ပြိုင်အုပ်ချုပ်ရေးနှင့် သီးခြားနိုင်ငံရေး ဖြစ်စဉ်များသည်လည်း လတ်တလော စိန်ခေါ်မှုများဖြစ်ကြောင်း ချင်းပြည်ကောင်စီက အစီရင်ခံစာတွင် ဝန်ခံထားသည်။
ထို့ကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပြင် ဒေသန္တရအစိုးရများ၏ စွမ်းဆောင် ရည် မြှင့်တင်ရေး၊ တာဝန်ခံမှုနှင့် စောင့်ကြည့်လေ့လာမှုစနစ်များ အားကောင်းရေးတို့ကို ဦးစားပေးလုပ်ငန်းစဉ် အဖြစ် ချမှတ်ထားသည်။
နိုင်ငံတကာမိတ်ဖက်များအနေဖြင့်လည်း ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများကို တိုက်ရိုက်ကူညီပိုးရန် အစီရင် ခံစာမှ တစ်ဆင့် တိုက်တွန်းထားသည်။
ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အစုအဖွဲ့၊ CNF (ချင်းအမျိုးသားတပ်ဦး) အစုအဖွဲ့နှင့် မြို့နယ်/ဒေသ အစုအဖွဲ့များ ပေါင်းစည်း၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုး သား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။







