မြစ်ကြီးနားမြို့တွင်း ညဥ့်နက်အချိန် အင်အားသုံး ဧည့်စာရင်းစစ်ဆေးမှုတွေရှိနေ

မြစ်ကြီးနားမြို့တွင်း ညဥ့်နက်အချိန် အင်အားသုံး ဧည့်စာရင်းစစ်ဆေးမှုတွေရှိနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီရက်ပိုင်းအတွင်း ညဥ့်နက်အချိန် ၁၂ နာရီဝန်းကျင်မှာ ရဲနှင့်စစ်သား အင်အား ၅၀ ခန့်အသုံးပြုပြီး ဧည့်စာရင်းစစ်ဆေးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်တိုင်း အိမ်တိုင်းနီးပါးကို စစ်ဆေးတာမျိုးမဟုတ်ဘဲ မြစ်ကြီးနားမြို့နဲ့ အနီးဝန်းကျင်နယ်ထဲက လမ်းမကြီးနဘေးနေအိမ်နဲ့ ဆိုင်တွေမှာ စစ်ဆေးတာဖြစ်ပြီး မိမိအိမ်ထောင်စုမရှိတဲ့ မည်သည့်နေရာမျိုးမှာမဆို တစ်ခဏဖြစ်ပါစေ၊ ညအိပ်ဖြစ်တာနဲ့ ဧည့်စာရင်းတိုင်ရမယ့် အနေအထားမျိုးဖြစ်‌နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဧည့်စာရင်းစစ်ဆေးခံရသူ မြစ်ကြီးနားမြို့ဒေသခံ အမျိုးသားတစ်ဦးက “ကျနော်တို့ဘက်လာတာက စစ်သားနဲ့ရဲ့အယောက် ၅၀ လောက်ရှိမယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီးပေါ့ အကုန်လုံးကိုတော့ စစ်တာမဟုတ်ဘူး။ ကားလမ်းတစ်ကြောနေတဲ့သူတွေကိုပဲ လိုက်ပြီးစစ်တာ။ သူတို့ပြောတဲ့ပုံစံအရဆိုရင် ကိုယ့်အိမ်မှာမဟုတ်ရင် တိုင်ရမယ့်ပုံစံဖြစ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။

ဧည့်စာရင်းမတိုင်ဘဲဖမ်းဆီးခံရသူတွေအနေနဲ့ ဒဏ်ငွေ ကျပ် ၁ သောင်း ဒဏ်ရိုက်ခံရသလို၊ ထောင်ဒဏ် ၃ လ ချမှတ်ခံရနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေ သတိပေးကြောင်း ဒေသခံတွေက KNG ကို ပြောပါတယ်။

တစ်ဖက်မှာတော့ ထောင်ဒဏ်မကျခံချင်သူတွေကတော့ ရဲနှင့်စစ်သားအပါအဝင် အမှုကို သက်ဆိုင်တာဝန်ယူသူတွေက လာဘ်ထိုးရတာမျိုးတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့ကြောင့် မြစ်ကြီးနားမြို့မှာနေထိုင်သူတွေအနေနဲ့ ဧည့်စာရင်းတိုင်သင့်တဲ့အကြောင်း စစ်ဆေးခံရသူတွေကအကြုံပြုပါတယ်။

“ဧည့်စာရင်းကတော့ လူတိုင်းကိုယ့်နေရာ ကိုယ့်ရဲ့ အိမ်ထောင်စုရှိတဲ့နေရာမှာမဟုတ်ရင် တိုင်ရင်တော့ကောင်းတယ်။ ဧည့်စာရင်းတိုင်တာကလည်း မရှုပ်ဘူးလေ။ ဒီလိုမလုပ်ထားရင်တော့ ဖမ်းဆီးခံရတာတွေ များလာနိုင်တယ်” လို့ နောက်ထပ်မြို့ခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ဒါကြောင့် မြစ်ကြီးနားမြို့အတွင်း လာရောက်ခိုလှုံနေထိုင်သူတွေအနနဲ့ ဧည့်စာရင်းတိုင်သင့်ကြောင်းနဲ့ ဧည့်စာရင်းသက်တမ်းမှာ စတင်တိုင်ကြားတဲ့‌နေ့ကစပြီး တစ်လလျှင် တစ်ကြိမ် သက်တမ်းတိုးနေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ဧည့်စာရင်းစာအုပ်က တစ်ခါလုပ်ထားပြီဆိုရင် တစ်လပြည့်တာနဲ့သွားပြီး သက်တမ်းထပ်တိုးရတယ်။ မဟုတ်ရင် ရက်ကျော်တာနဲ့ဒဏ်ငွေ တစ်သောင်းရိုက်တယ်” လို့ မြစ်ကြီးနားမြို့ နောက်ထပ်အမျိုးသားတစ်ဦး ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာပြည်တစ်ဝှမ်း အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ဧည့်စာရင်းစစ်ဆေးမှုတွေပိုမိုတင်းကြပ်လာတာ ဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်ကြဖို့ စတင်ပြီး ဥပဒေပြုခဲ့တာဟာ အင်္ဂလိပ်ကိုလိုနီခေတ် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်ကတည်းကဖြစ်ပြီး ဒီဥပဒေကို ၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်လက်ထက်က ဖျက်သိမ်းခဲ့ပါသေးတယ်။

သို့ပေမယ့် ပုဒ်မ ၁၃ (ဆ) လို့ခေါ်တဲ့ ဧည့်စာရင်းစစ်ဆေးပုဒ်မကို ဆက်လက်ပြဌာန်းခဲ့ပြီး အဲ့ဒီပုဒ်မကိုလည်း ၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာပျက်ဖျက်စေခဲ့ပေမဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က အဲ့ဒီပုဒ်မကို ပြန်လည်အသက်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဧည့်စာရင်းစစ်ပုဒ်မနဲ့အတူ မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်အင်အားလိုအပ်နေတဲ့ စစ်ကောင်စီတပ်က စစ်ဆေးရေးတင်းကြပ်ကာ လူငယ်အရွယ်များကိုဖမ်းဆီးမှုတွေဆက်တိုက်ရှိနေပြီး ပျောက်ဆုံးနေမှုတွေလည်းဖြစ်နေတယ်လို့ သတင်းဌာန အသီးသီးမှာရေးသားနေကြပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ အထက်ပါဖြစ်စဥ်မျိုး ဧည့်စာရင်းပုဒ်မနဲ့ လူငယ်ပျောက်ဆုံးတာမျိုးတွေလည်းရှိနေတယ်လို့ သတင်းထွက်‌ ပေါ်နေပေမယ့် အသေးစိတ်သိရဖို့ KNG က စုံစမ်းနေဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ ခရိုင်လေးခု၊ မြို့နယ် ၁၈ မြို့နယ်၊လူဦးရေတစ်သန်းကျော်နေထိုင်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် မြို့တော်မြစ်ကြီးနားမှာတော့ စစ်တပ်ကလ လုံခြုံရေးတင်းကြပ်နေတဲ့ကြား အရပ်သားသတ်ဖြတ်ခံရသူတွေလည်း ပိုများလာနေတာပဲဖြစ်ပါတယ်။

Most read this week

December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...
December 9, 2025
ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံနယ်မြေ ၃ မှာ...