ခန္တီးမြို့နယ်အတွင်းရှိ ရွှေမှော်တွေမှာ စစ်ကောင်စီက စစ်သားစုဆောင်းမှုပြုလုပ်ခဲ့

ခန္တီးမြို့နယ်အတွင်းရှိ ရွှေမှော်တွေမှာ စစ်ကောင်စီက စစ်သားစုဆောင်းမှုပြုလုပ်ခဲ့

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ခန္တီးမြို့နယ်တွင်းက ရွှေမှော်တွေမှာ အလုပ်သမားတွေနဲ့ ဒေသခံတွေကို  စစ်ကောင်စီတပ်ဖွဲ့တွေက စစ်သားစုဆောင်းမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီမှ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ  ၂၆ ရက်နေ့ကနေ  ၂၈ ရက်နေ့ထိ ၃ ရက်ဆက် ခန္တီးမြို့နယ် ကတိုးကျေးရွာ၊ နမ့်ခမ်းကျေးရွာနှင့် သာယာကုန်းကျေးရွာတို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက “စစ်မှုထမ်းဥပဒေ” ကို အကြောင်းပြုပြီး စစ်သားစုဆောင်းမှုတွေ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“စစ်မှုထမ်းဥပဒေနဲ့ဆွဲတာ၊ ကတိုး၊ နမ့်ခမ်းနှင့် သာယာကုန်းရွာတွေမှာဆွဲတာ ၄၈ ယောက်ပါသွားတယ်။ တစ်ချို့လည်း ပြန်လွတ်လာတယ်။ တစ်ချို့လည်း ပြန်မလွတ်လာကြသေးဘူး။ ရွှေလုပ်သားတွေကိုဆွဲတာ။ ခန္တီးမှာဆိုရင် နေ့ခင်းကြီး ဝင်ဆွဲတာ” လို့ ခန္တီးမြို့နယ် ဒေသခံတစ်ဦးက ရှမ်းနီအသံသတင်းဌာနကို ပြောပြပါတယ်။

ဒီလို စစ်သားစုဆောင်းမှုကြောင့် ရွှေမျှောလုပ်သားတွေနဲ့ ဒေသခံ ၄၈ ဦးအထိ စုဆောင်းခံရပြီး တစ်ချို့ကတော့ ညှိနှိုင်းမှုတွေကြောင့် ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ခန္တီးမြို့နယ်အတွင်း စစ်သားစုဆောင်းမှုတွေကြောင့် ရွှေမျှောလုပ်သားတွေ စိုးရိမ်နေကြရပြီး ရွှေမျှောတစ်ချို့ ရပ်နားမှုတွေရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ ခန္တီးမြို့နယ်အတွင်းမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA ရဲ့  တပ်မဟာ (၈၉၁) အခြေချလှုပ်ရှားနေကြတာကြောင့် ၎င်းဒေသတွေမှာ စစ်ကောင်စီဘက်မှ တပ်သားသစ်စုဆောင်းတာမျိုးကို ကာကွယ်ပေးနိုင်ဖို့ ဒေသခံတွေက လိုလားနေကြတယ်လို့ လုပ်ငန်းရှင်တချို့က ပြောပါတယ်။

“ကျနော်တို့ရော သူတို့ပါ အဆင်ပြေဖို့ ဒီနယ်အတွင်းက စစ်ကောင်စီဘက်က စစ်သားစုဆောင်းတာကိုတော့ လူကြီးတွေ ကာဗာ (cover) လုပ်ပေးနိုင်ရင် ပိုအဆင်ပြေမှာပေါ့” လို့ ဟုမ္မလင်းမြို့နယ် ရွှေလုပ်ငန်းရှင်းတစ်ဦးက ပြောပြပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိ  ခန္တီးမြို့နဲ့ နယ်မြေချင်းထိစပ်နေတဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာ “စစ်မှုထမ်းဥပဒေ” အကြောင်းကို မကြာခဏ ရှင်းပြသည့် တွေ့ဆုံဆွေးနွေးပွဲများ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၂၅ ခုနှစ် နှစ်စတွေမှာ ပိုမိုပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

Most read this week

February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...
February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...