စစ်ကောင်စီပေးတဲ့ ထောက်ပံ့ကြေး တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေမရ

စစ်ကောင်စီပေးတဲ့ ထောက်ပံ့ကြေး တနင်္သာရီတိုင်းက စစ်ဘေးရှောင်တွေမရ
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်‌နေရတဲ့ စစ်ဘေးရှောင် တစ်သောင်းကျော်ကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကောင်စီက ပြောဆိုပေမယ့် တကယ့်လက်တွေ့မှာ ထောက်ပံ့ကြေးမရရှိကြဘူးလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီတိုင်းရှိ မြို့နယ် ၇ မြို့နယ်မှာ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင်လာသူ ၁၁,၀၄၃ ဦးကို တစ်ဦးလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်း ထောက်ပံ့ပေးခဲ့တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ တတိယအပတ်မှာ ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ထားဝယ်ခရိုင်မှ စစ်ဘေးရှောင် ၆,၃၅၅ ဦး၊ မြိတ်ခရိုင်မှ ၄,၂၈၉ ဦး၊ ကော့သောင်းခရိုင်မှ ၃၆၅ ဦးနဲ့ ဘုတ်ပြင်းခရိုင်မှ ၃၄ ဦးအတွက် စုစုပေါင်း ငွေကျပ် သန်း ၂၂၀ ကျော် ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထားဝယ်ခရိုင်အတွင်းရှိ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက သူတို့နယ်မြေက စစ်ဘေးရှောင်တွေ ထောက်ပံ့ကြေးရတာမျိုး မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်နားက စစ်ဘေးရှောင်တွေပေးမှန်းတော့ မပြောတတ်ဘူးဗျ။ ဒီကိစ္စက သူတို့မွှေးတဲ့မီးပေါ့နော်။ သူတို့မွှေးတဲ့မီးဆိုတော့ သူတို့လုပ်တာလဲ ကျွန်တော်တို့ကတော့ ဒီ ရိုးရိုးသားသားလုပ်တယ်လို့ မမြင်ဘူး။ တကယ်ထောက်ပံ့ချင်စိတ်ရှိတဲ့ လုပ်တဲ့ဟာလို့ ကျွန်တော်တို့ မမြင်ဘူး။ ဒါသူတို့ တစ်ခုခုလိုချင်လို့သာ လုပ်မယ့်သဘောရှိတယ်ပေါ့နော်” လို့ ဆိုပါတယ်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ နွေဦးမေတ္တာစစ်ဘေးရှောင် ပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း သူတို့စစ်ဘေးရှောင်အဖွဲ့တွေမှာ ထောက်ပံ့ကြေးရတာမျိုး မရှိဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံအမျိုးသားတစ်ဦးကလည်း စစ်ကောင်စီပေးတဲ့ ထောက်ပံ့ကြေးမရဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ မရရှိပါဘူးဗျ။ ကျွန်တော်တို့ဘက်မှာတော့ အဲဒီလိုသူတို့ (စစ်ကောင်စီ) ဘက်က ထောက်ပံ့တာတို့ ဘာတို့တော့ မရှိပါဘူးဗျ။ အစကတည်းက အခုအချိန်ထိပေါ့ မရှိဘူးဗျ။ တကယ်လို့ ပေးရင်တော့ ယူမှာပေါ့။ စစ်ဘေးရှောင်တွေဆိုတော့ တောတွေ ခြံတွေ ဥယျာဉ်တွေထဲမှာနေတာဆိုတော့ ခက်ခဲတာပေါ့” လို့ ပြောပါတယ်။

တစ်ဖက်မှာလည်း တနင်္သာရီတိုင်းက နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တစ်ဦးလျှင် ၂၀,၀၀၀ ကျပ်နှုန်းနဲ့ လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လစဉ် ထောက်ပံ့ပေးသွားမယ်လို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ အခုလို စစ်ဘေးရှောင်တွေကို ထောက်ပံ့ကြေးပေးတာဟာ လာမယ့် ရွှေးကောက်ပွဲအတွက် အချက်အလက်တွေရရှိအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက သုံးသပ်ပြောဆိုတာတွေ ရှိနေပါတယ်။

တနင်္သာရီတိုင်းမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ဦးရေ ၇၇,၂၀၀ ဦးကျော်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...
ဓာတ်ပုံ - BGF
August 21, 2026
ကရင်ပြည်၊ ဖာပွန်စစ်ဆင်ရေးအတွင်း စစ်အုပ်စုတပ်ကို ကူညီပေးနေပြီး စစ်အုပ်စုတပ် လက်အောက်ခံအဖြစ်...