ပုံစာ - ပေါက်တောမြို့နယ်က စစ်ဘေးရှောင်များကို ၂၀၂၃ နိုဝင်ဘာလက တွေ့ရစဉ်။
စစ်တွေတိုက်ပွဲများကြောင့် စစ်ကောင်စီက လေကြောင်းတိုက်တိုက်မှုများ ရှိလာသဖြင့် စစ်တွေနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။
ပုဏ္ကားကျွန်းမြို့နယ်ရှိ ကျွဲထိုး၊ အိုင်ဒင်၊ ဆင်အင်းကြီး၊ ပဒေသာ၊ မက္ကလာကျ ကျေးရွာအပါဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းက ဒေသခံများမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာကျေးရွာများကို စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတစ်ဦးက “ပုဏ္ဏားကျွန်းမှာ အရင်နှစ်ကတည်းက စစ်ဘေးရှောင်နေကြရသူ ရှိကြတယ်။ အခု အသစ် စစ်ဘေးရှောင်နေကြရသူတွေကတော့ စစ်တွေနဲ့ ပုဏ္ဏားကျွန်းနယ်စပ်က ဒေသခံတွေပေါ့။ အဓိကတော့ စစ်တွေတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးတွေ၊ အတွဲလိုက် ဒုံးတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကို ရှောင်နေကြရတာ” ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၇ ရက်က ပုဏ္ဏားကျွန်း ကွန်းတောင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇုံပြင်ကျေးရွာနှင့် တောင်ပေါက်အနီးကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ အမျိုးသမီး ၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့ကြသည်။
ယင်းအပြင် စစ်တွေနှင့်နီးသည့် ရသေ့တောင်မြို့နယ် မိုးစဲကျွန်းနှင့် မယူကမ်းရှိ ကျေးရွာအချို့မှာလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဘေးလွတ်သို့ တိမ်းနေကြရသည်ဟု ဒေသခံများက ပြောသည်။
“မိုးစဲကျွန်းက စစ်တွေမြိုနယ်နဲ့ အနီးဆုံးဆိုတော့ လေကြောင်းတိုက်ခိုက်ခံရမှုတွေ မကြာခဏ ခံရတယ်။ ဒီလို တိုက်ခိုက်ခံရမှုတွေကြောင့် ကျေးရွာတွေမှာ လုံခြုံမှုမရှိဘူး။ လေယာဉ်တွေကလည်း အမြဲတမ်း ဝဲနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်” ဟု မိုးစဲကျွန်းက ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးစဲကျွန်းရှိ ဇီးကိုင်း၊ ညောင်ပင်လယ်၊ လက်ပံပင်ရင်း၊ ဆားပြင်ကြီး၊ ပန်ဇင်းမော် အပါအဝင် မယူကမ်းရှိ အငူမော်၊ မကျည်းချောင်းနှင့် ကုန်တန်း စသည့် ကျေးရွာသားများလည်း စစ်ဘေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
ထို့အပြင် စစ်တွေမြို့နှင့် တစ်ဖက်ကမ်းမှာရှိသည့် ပေါက်တောမြို့နယ်က ကျေးရွာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်သည့်အတွက် ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။
ပေါက်တောဒေသခံတစ်ဦးက “စစ်တွေမြို့မှာ တိုက်ပွဲစပြီးဖြစ်ကတည်းက ပေါက်တောမြို့နယ်က စစ်ကောင်စီအတွက် ပစ်မှတ်လိုဖြစ်လာတယ်။ အထူးသဖြင့် စစ်တွေနဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ကျေးရွာတွေပေါ့။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာတဲ့အခါ ကိုယ်ရပ်ရွာမှာ နေထိုင်လို့မရတော့ဘဲ တိမ်းရှောင်ကြရတာဖြစ်တယ်” ဟု ပြောသည်။
ပေါက်တောမြို့နယ်ရှိ ကျေးရွာ ၈ ရွာနှင့် ပေါက်တောမြို့တို့ကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက Y-12 လေယာဉ်ဖြင့် ဗုံးအလုံး ၅၀ ကျော် ကြဲချခဲ့သည့်အတွက် အရပ်သား ၄ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယင်းအပြင် ဖေဖော်ဝါရီ ၁၇ ရက် ညကလည်း ပေါက်တောမြို့နယ်၊ သဲခုံးကျေးရွာနှင့် ငပြီးကျွန်းရှိ ကျေးရွာများကို ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီက ထိုသို့တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေသည့်အတွက် ငပြီကျွန်းရှိ ကျေးရွာ ၃ ရွာအပါဝင် မြေငူကျွန်းရှိ သဲခုံ၊ ယာတိုက်၊ ချောင်းဝ၊ ဂြင်းချောင်း၊ မင်းတဲ အပါအဝင် ကျေးရွာအချို့နှင့် တောင်ရင်းကျွန်းရှိ သဝင်ချောင်း၊ ကြိမ်ခွေမော်နှင့် မနော်သီရီ၊ လက်ပံပြား စသည့် ကျေးရွာများကလည်း ဒေသခံများ တိမ်းရှောင်နေကြရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်တွေမြို့နယ်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် မြို့နယ် ၃ ခုတွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် စိုးရိမ်ရသည့်အတွက် လူဦးရေထူထပ်သည့် ကျေးရွာများတွင် ဗုံးခိုကျင်းများ တူးဖော်ထားကြရသည်ဟု ဒေသခံများက ပြောကြသည်။
“စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ ဒေသအာဏာပိုင်တွေက ပြည်သူတွေကို ဗုံးခိုကျင်းတွေကို တူးခိုင်းထားတာတွေရှိတယ်။ အထူးသဖြင့် စစ်တွေတိုက်ပွဲ ပြင်းထန်လာရင် စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်တာကြောင့် အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်ထားခိုင်းတဲ့သဘောပေါ့” ဟု ပေါက်တောဒေသခံက ပြောသည်။
စစ်တွေမြို့နယ်ကို အာရက္ခတပ်တော်က ဇန်နဝါရီလကနေ ၁၆ ကနေ စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိတွင် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ရှိနေသည်။
ရခိုင်ပြည် တိုက်ပွဲတစ်နှစ်ကျော်အကြာတွင် နေရပ်စွန့်ခွာနေကြရသူ စစ်ဘေးရှောင် လူဦးရေ ၆ သိန်းကျော်အထိရှိနေကြောင်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ၏ စာရင်းများအရ သိရသည်။







