အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းပိုင်းကို စစ်အုပ်စုတပ် လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းပိုင်းကို စစ်အုပ်စုတပ် လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်

စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ယခုအခါ အိန္ဒိယ-ရခိုင် ကုန်စည်စီးဆင်းရာ လမ်းကြောင်းပေါ်ရှိ ပလက်ဝမြို့နယ်ကိုပါ စစ်ရေးတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေသည်။

ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် ရှိသည့် စိမ်းညင်းဝ၊ ရွှေလိုက်ဝနှင့် မီးဇာကျေးရွာများကို စစ်အုပ်စုတပ်က ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အတွင်း သုံးရက်ဆက်တိုက် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ် ၂၇ ရက်နေ့ကလည်း မီးဇာရွာနှင့် ပတ်ဝန်းကျင်နေရာများကို တိုက်လေယာဉ် ၅ စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အဆိုပါ တိုက်ခိုက်မှုအတွင်း မိခင်နှင့် ကလေးငယ်တစ်ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့သည်။

ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်လာမှုများကြောင့် လတ်တလောတွင် ကုန်သည်များ အရောင်းအဝယ် မလုပ်ရဲတော့ဘဲ ဖြစ်နေကြရပြီး နောက်ဆက်တွဲအဖြစ် ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုများ ဖြစ်လာမည်ကို လည်း ကုန်သည်များက စိုးရိမ်နေကြသည်။

ပုဏ္ဏားကျွန်းဒေသခံ နယ်စပ်ကုန်သည်တစ်ဦးက “ဗုံးကြဲသွားတဲ့ မီးဇာနဲ့ ရွှေလိုက်ဝ ရွာဆိုရင်လည်း ကုန်သွယ် ရေးအရ အဓိက အချက်အချာကျတဲ့ ကျေးရွာဖြစ်တယ်။ ဒီရွာတွေကို ရက်ဆက်ဗုံးကြဲတော့ ဒီဖက်က တက်မယ့် ကုန်သည်တွေလည်း မတက်ဝံ့တော့ဘူး။ မီဇိုရမ်က ဆင်းမယ့် ကုန်သည်တွေလည်း မဆင်းရဲ ကြတော့ဘူး။ ရင်းနှီးထားရတဲ့ အရင်းတွေက မနည်းဘူးလေ တစ်ခုခု ထိခိုက်သွားရင် လူအသက်ပါ ငွေကြေးပါ အကုန်ဆုံးမှာ” ဟု ပြောသည်။

လက်ရှိ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် စိမ်းညင်းဝ၊ မီးဇာနှင့် ရွှေလိုက်ဝ ကျေးရွာတို့ သည် ကုန်သွယ်ရေးလမ်းကြောင်း၏ အဓိကကျသော နေရာများတွင် တည်ရှိသည့် ကျေးရွာများဖြစ်သည်။

စစ်အုပ်စုတပ်က ထိုသို့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နေရာများကို လေကြောင်းတိုက်ခိုက်လာခြင်းမှာ ရခိုင် ဒေသတွင်း အပါအဝင် ကုန်စည်စီးဆင်းရာ နေရာများကို ဖျက်ဆီးလိုသည့်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။

အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းသည် ရခိုင်ဒေသခံများအပါအဝင် မျိုးနွယ်စုဝင် ချင်းတိုင်းရင်းသားများ ၏ စားဝတ်နေရေးအတွက် အလွန်အရေးပါသော လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

ရခိုင်မှ နယ်စပ်ကုန်သည်တစ်ဦးက “AA ကို မနိုင်လို့ ပြည်သူတွေရဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အဓိက အားပြုနေကြရတဲ့ လမ်းကြောင်းတွေကို ဗုံးကြဲပြီး ခြိမ်းခြောက်လာနေတာက တမင်ရည်ရွယ်ပြီး ငါးမရ တွင်းဖျက်ဆို သလိုမျိုး ယုတ်မာလာတာ” ဟု ပြောသည်။

ရခိုင်ပြည်တွင် မြို့သိမ်းတိုက်ပွဲများ စတင်ချိန်မှစ၍ စစ်အုပ်စုတပ်က ရခိုင်ဒေသကို အဘက်ဘက်မှ ပိတ်ဆို့ ဖြတ်တောက်ထားသဖြင့် ဒေသခံများသည် အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို အဓိက အားထားနေကြ ရခြင်း ဖြစ်သည်။

ယခု ဩဂုတ်လအတွင်း စစ်အုပ်စုတပ်သည် ပလက်ဝမြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ ရာ အဆိုပါ တိုက်ခိုက်မှုများကြောင့် အရပ်သား ၈ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၄ ဦးအထိ ရှိလာခဲ့သည်။

ဓာတ်ပုံ - (DMG / ကျောက်တော်မြို့နယ်၊ ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ် အချို့။)
August 31, 2026
ရခိုင်ပြည်တွင် စစ်ဘေးရှောင် ကလေးသူငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များမှာ စားဝတ်နေရေး အခက်အခဲ...
ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...