စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန် ပြုလုပ်နေ သဖြင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်နေသည့်အပြင် နေအိမ်နှင့် အဆောက်အအုံ ပျက်စီးမှုများလည်း များပြားလျက်ရှိသည်။
ယင်းအခြေအနေများကြောင့် ဒေသခံများမှာ အသက်အန္တရာယ် လုံခြုံမှုကင်းမဲ့လာကာ မိမိဒေသတွင် မနေထိုင်ရဲ ကြတော့ဘဲ အခြားဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေကြရသည်။
ရမ်းဗြဲမြို့နယ်၊ သလူဗြိန်ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ငပလီ၊ ဂျိတ္တောဘက်ကို ဗုံးခဏ ခဏ ကြဲတော့ ဆွေမျိုးတွေ မနေရဲတော့လို့ ဒီဘက်လာရှောင်နေကြတာ တစ်ပတ်လောက်ရှိပြီ။ မိသားစုလိုက် လာရှောင်ကြ တာ။ တခြားရွာတွေမှာလည်း ရောက်လို့ ရှိတယ်” ဟု ပြောသည်။
စစ်အုပ်စုတပ်က အဓိက ဗုံးကြဲတိုက်ခိုက်နေသည့် သံတွဲမြို့ပေါ်နှင့် ငပလီမြို့၊ ဂျိတ္တော၊ လင်းသာစသည့် ငပလီ ကမ်းခြေ တစ်လျှောက်မှ ဒေသခံများသည် တောင်ကုတ်နှင့် ရမ်းဗြဲမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေကြ ရသည်။
လက်ရှိတွင် သံတွဲမြို့နယ်မှ ထွက်ပြေးလာကြသူများမှာ ဆွေမျိုးများ၏ နေအိမ်များနှင့် တောတောင်အနီးရှိ ယာယီခိုလှုံရာ စခန်းများတွင် ဆောက်လုပ်နေထိုင်ကြရပြီး အခက်အခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်။
“တောင်ခြေရင်းလို နေရာတွေမှာ နေကြတဲ့သူတွေလည်း ရှိတယ်။ မြို့ထဲ ဆွေမျိုးရှိတဲ့ သူတွေကတော့ ဆွေမျိုး နေအိမ်တွေမှာ နေကြတယ်။ တောတောင်တွေမှာ နေကြတဲ့ သူတွေကတော့ စားရေးသောက်ရေး၊ နေရတာ ကအစ အခက်အခဲဖြစ်နေကြတယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်အုပ်စုတပ်သည် သံတွဲမြို့နယ်ကို ပြီးခဲ့သည့် ဇူလိုင်လမှစ၍ လေယာဉ်အုပ်စုလိုက် အသုံးပြုကာ ဗုံးအလုံးရေ ရာနှင့်ချီ၍ လေကြောင်းမှ တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်းရှိ နေရာ ၃ နေရာထက်မနည်းကို စစ်အုပ်စုတပ် က ဂျက်ဖိုက်တာ၊ Y-12 နှင့် Y-8 အပါအဝင် လေယာဉ် စုစုပေါင်း ၁၀ စီးဖြင့် တစ်နာရီခန့်ကြာ ဗုံးအလုံးရေ ၁၀၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၁ ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့် အဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်။
“အခု လေယာဉ်က နေ့တိုင်းလိုလို ဝဲတယ်။ အရင်လကတည်းက ရက်ခြားစီလာကြဲနေတော့ လုံးဝမနေရဲတော့ လို့ နယ်ဖက်ကို သွားရှောင်နေရတယ်။ အရေးကြီးကိစ္စရှိမှ မြို့ပေါ်ခဏလောက် ပြန်လာတယ်။ ပြီးတော့ ဈေး ရောင်းတဲ့လူတွေတောင် လေယာဉ်ကြောက်လို့ ဆိုင်ပိတ်ထားကြရတာတွေ ရှိတယ်” ဟု သံတွဲမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် ကြုံတွေ့နေရသဖြင့် သံတွဲဒေသခံများမှာ လုပ်ကိုင်စားသောက်ရေး အဆင်မပြေတော့ဘဲ စားဝတ်နေရေး ကျပ်တည်းမှုများကိုပါ ရင်ဆိုင်နေကြရသည်။
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းဗုံးကြဲမှု အရှိန်အဟုန်မြှင့် ပြုလုပ်လာနေသောကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ပိုမိုမြင့်တက်နေကာ DMG ၏ စာရင်းပြုစုချက်များ အရ ယခု ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် အရပ်သား ထိခိုက်သေဆုံးသူ ၁၀၀ ကျော်အထိ ရှိနေပြီဖြစ်သည်။







