တောင်ကုတ်၌ ဝက်များ ဝမ်းကျရောဂါ ကူးစက်မှု မြန်ဆန်နေပြီး သေဆုံးမှုများ ရှိလာ

တောင်ကုတ်၌ ဝက်များ ဝမ်းကျရောဂါ ကူးစက်မှု မြန်ဆန်နေပြီး သေဆုံးမှုများ ရှိလာ
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား လျက်ရှိကြောင်း တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေး လုပ်ကိုင်နေသည့် ဒေသခံများက ပြောသည်။

ကိုင်းရှည်၊ ဝဲကြီး၊ ဝက်ကျိတ်၊ ရွာသစ်၊ မှိုဟင်းတောနှင့် အောင်သုခ ကျေးရွာများအပြင် သိမ်တောင်ရပ်ကွက် တို့တွင် ဝက်အကောင်ရေ ရာနှင့်ချီ၍ ဝမ်းကျရောဂါ ကူးစက်ဖြစ်ပွားနေပြီး ရောဂါပျံ့နှံ့မှု မြန်ဆန်လျက်ရှိသည်။

တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက “အခုတလော ဝက်တွေ ဝမ်းရောဂါ အဖြစ်များကြတယ်။ တောင် ကုတ်မြို့နယ် တဝိုက်က ရွာတော်တော် များများမှာ ဖြစ်နေကြတာ။ အခုလို ဝက်တွေ ဝမ်းရောဂါဖြစ်နေတော့ ရောဂါပိုဆိုးလာပြီး သေသွားမှာကို ကြောက်နေပြီ။ တစ်နိုင်တစ်ပိုင် လုပ်တာဆိုပေမဲ့ ဝက်တွေ ဒီလိုရောဂါ ဖြစ်နေတော့ တော်တော်ခက်ခဲနေပြီ” ဟု ပြောသည်။

ဝက်များတွင် အစာမစားခြင်း၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားခြင်းတို့ ကြုံတွေ့နေရပြီး ပြီးခဲ့သည့် ရက်ပိုင်းက သိမ်တောင်ရပ်ကွက်၌ ဝမ်းကျရောဂါ ဖြစ်ပွားနေသည့် ဝက်များအနက် ဝက်တစ်ကောင် သေဆုံးသွားခဲ့သည်။

ဝမ်းရောဂါ ဖြစ်ပွားနေသည့် ဝက်များကို အချိန်မီ မကုသပါက အသက်သေဆုံးနိုင်သဖြင့် ဆေးကုသစရိတ် ကြီးမြင့်မှုကြားမှ ကုသနေရ၍ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တောင်ကုတ်မြို့နယ်မှ တစ်ပိုင်တစ်နိုင် ဝက်မွေးမြူနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဝက်တွေ ဝမ်းရောဂါဖြစ်ကြတယ်။ ဆေးမထိုးရင် ဝက်တွေ သေသွားနိုင်တယ်။ အစာက သေချာ မစားဘူး ဆိုတော့ ဆေးမထိုးလို့ မရဘူး။ ဆေးထိုးဖို့အတွက်လည်း ဝက်တစ်ကောင်ကို အနည်းဆုံး သုံးသောင်းတောင် ပေးရတယ်။ သုံးလေးကောင် ရှိတဲ့သူတွေဆို ငွေတစ်သိန်း၊ နှစ်သိန်းလောက်ပေးရတယ်။ ဒါပေမဲ့ ဝက်တွေ အသေမခံနိုင်တော့ ဆေးထိုးရတာပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်း ဝက်ဝမ်းရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လာနေပြီး ဝက်သား စားသုံးသူ နည်းပါးလာကာ ဝက်ဈေးနှုန်းများ ကျဆင်းသွားမည်ကို မွေးမြူရေး လုပ်ကိုင်သူများက စိုးရိမ်လျက်ရှိကြသည်။

ယခုကဲ့သို့ ဝက်ရောဂါ ဖြစ်ပွားနှုန်း မြင့်တက်နေမှုကို လျှော့ချနိုင်ရန် ကာကွယ်ဆေးများ ထိုးနှံပေးရန် လိုအပ်နေ ပြီး ရောဂါဖြစ်၍ သေဆုံးသွားသည့် ဝက်များကို ထုတ်ရောင်းခြင်းမျိုး မရှိစေရန် တားမြစ်သင့်ကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လဆန်းပိုင်းကလည်း ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ဝက်ရောဂါ ဖြစ်ပွားမှု ကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။ ထိုအထဲတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ တော ဖျားချောင်းဒေသ၌ အများဆုံး သေဆုံးခဲ့ပြီး ဝက်များတွင် အရေပြားနီရဲခြင်း၊ သရက်ရွက် ကြီးထွားလာခြင်းနှင့် အဆုတ် ပျက်စီးသွားခြင်း စသည့် လက္ခဏာများကို တွေ့ရှိခဲ့ရသည်။

ဝက်ဝမ်းကျရောဂါသည် တော်တာဆူးပတ်စ် (Rotavirus) ခေါ် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး ကူးစက်ပြန့်ပွားမှု မြန်ဆန်ကာ ရောဂါစတင် ဖြစ်ပွားချိန်တွင် သေဆုံးနိုင်ခြေ မြင့်မားသည့် ရောဂါတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး ဌာနများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

Most read this week

ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...
စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...