ပွင့်ဖြူမှာ စစ်ကောင်စီက လူသားဒိုင်းသုံးပြီး စစ်ကြောင်းထိုးနေ

ပွင့်ဖြူမှာ စစ်ကောင်စီက လူသားဒိုင်းသုံးပြီး စစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပြည်သူတွေကို လူသားဒိုင်းအသုံးပြုပြီး စစ်ကြောင်းဝင်ရောက်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ မဒဲကျေးရွာကိုရည်ရွယ်ပြီး ထိုးတဲ့စစ်ကြောင်းတွေမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတာပါ။

"မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်က ရေပုတ်ကလေးကျေးရွာက အိမ်ထဲမှာပဲနေတဲ့သူတွေကို စစ်ကြောင်းနဲ့အတူ ခေါ်သွားတာ။ ၃ ယောက်။ တစ်ယောက်ကို မြောင်းထဲကန်ချပြီး ပစ်သတ်လိုက်ကြတယ်ဗျာ" လို့ ရေပုတ်ကလေးဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်မှာလည်း လူသားဒိုင်းအဖြစ် လူ ၅ ဦး ဖမ်းခေါ်သွားခံရပြီး ရှေ့ဆုံးကနေထားကာ မိုင်းဆွဲခံရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ရေပုတ်ကလေးနဲ့ မဒဲရွာက ပြည်သူအရေအတွက်ကို တိတိကျကျ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသူတွေနဲ့ လုံးဝ အဆက်သွယ်မရသေးဘဲ မုန်းချောင်းတလျှောက် လူသေအလောင်းတွေ မျောလာတာကြောင့် ဒေသခံတွေ စိုးရိမ်မှုတွေ ရှိနေပါတယ်။

"ဘယ်ကအလောင်းတွေမှန်း မသိရဘူး။ ဆယ်လည်း မဆယ်ရဲဘူး။ တချို့ဆို ခေါင်းလည်းပါမလာဘူး" လို့ မုန်းချောင်းဝန်းကျင်မှာနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလိုမျိုး အလောင်းတွေ မျောလာတာဟာ ဖေဖော်ဝါရီလဆန်းပိုင်းကဖြစ်ပြီး တချို့အလောင်းတွေကတော့ စစ်တပ်ယူနီဖောင်းပါတဲ့ အလောင်းတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်ယူနီဖောင်းပါတဲ့ အလောင်းတွေကိုတော့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားပြီး နောက်တစ်ရက်မှာ တွေ့ရှိရတာဖြစ်ပေမယ့် ဖေဖော်ဝါရီ ၁၄ ရက်နောက်ပိုင်း တွေ့ရတဲ့ အလောင်းတွေကတော့ ပြည်သူတွေဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ရေပုတ်ကလေးကတဆင့် မဒဲနဲ့ ကနီကျေးရွာတွေဘက်ကို စစ်ကြောင်းဝင်ရောက်နေတာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...