ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် စစ်ဘေးရှောင်များ အကူညီမရသဖြင့် စားဝတ်ရေးခက်ခဲနေ

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင် စစ်ဘေးရှောင်များ အကူညီမရသဖြင့် စားဝတ်ရေးခက်ခဲနေ
မောင်တောမြို့နယ်၊ လှဖိုးခေါင်စခန်းမှ မွတ်ဆလင် စစ်ဘေးရှောင်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
မောင်တောမြို့နယ်၊ လှဖိုးခေါင်စခန်းမှ မွတ်ဆလင် စစ်ဘေးရှောင်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။

ရခိုင်ဒေသတိုက်ပွဲများကြောင့် ဘင်္ဂ‌လားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့မှ ဒေသခံ မွတ်ဆလင်စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှု မရရှိသဖြင့် စားဝတ်နေရေး ခက်ခဲနေကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်များကို ဘင်္ဂလားဒေ့ရှ် အစိုးရက တရားဝင် အသိမှတ်မပြုသဖြင့် ကူညီထောက်ပံ့မှု မရသည့်အပြင် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် စားဝတ်နေရေး ကျပ်တည်းလာနေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

“အသစ်ရောက်လာတဲ့ စစ်ဘေးရှောင်တွေမှာ တရားဝင် အသိမှတ်ပြုမခံရလို့ တော်တော်များများဟာ ကယ်ဆယ်ရေးလည်း မရဘူး။ အကူအညီလည်း မရဘူး။ အလုပ်အကိုင်လည်း မရှိတော့ စားဖို့သောက်ဖို့ ခက်ခဲလာတယ်။ အခုက ပါလာတာတွေကို ပေါင်နှံရောင်းချ ချေးငှားစားသောက်နေကြတာ” ဟု ဘင်္ဂလားဒေ့ရှ်ရောက် မောင်တောဒေသခံ မွတ်ဆလင်အမျိုးသားတစ်ဦးက‌ ပြောသည်။

ရခိုင်တွင် ၂၀၂၄ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်၊ မောင်တောဒေသ တိုက်ပွဲများကြောင့် မွတ်ဆလင် ၄ သောင်းကျော်သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ပြောဆိုထားသည်။

အဆိုပါ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကြောင့် လက်ရှိတွင် ရခိုင်သို့ ရရာနည်းဖြင့် ပြန်သူအချို့လည်း ရှိနေကြောင်း သိရသည်။

“ဒီမှာနေရတာ ရွာမှာလို လုပ်ကိုင်စားသောက်ဖို့ နေရာလည်း မရှိဘူး။ တော်တော် အခက်အခဲဖြစ်တယ်။ ကျနော်တို့ကတော့ ‌ကိုယ့်ဒေသမှာ လုပ်ကိုင်စားသောက်ဖို့ အေးချမ်းပြီဆိုရင် အိမ်ပြန်ချင်ပီ” ဟု နောက်ထပ် မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

ယခုနှစ် ဇန်နဝါရီလကစပြီး မောင်တောစစ်ဘေးရှောင်များကို အာရက္ခတပ်တော် (AA) က စိစစ်မှုများပြုလုပ်ပြီး နေရပ်ပြန်လည်နေထိုင်ခွင့်ပြုနေသည်။

လက်ရှိတွင် ရခိုင်ဒေသက မွတ်ဆလင်အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် သွားလာမှုများရှိနေပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၏ ဖမ်းဆီးခြင်းကို ခံနေရသူများလည်းရှိနေကြောင်း သိရသည်။

အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...
မဒေးကျွန်းအား တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 11, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တရုတ်စီမံကိန်းများရှိရာ မဒေးကျွန်းတွင် ကျောက်ဖြူနှင့်...
June 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စာရေးဆရာ ဝေဟင်အောင်၏ နေအိမ်ကို စစ်အစိုးရက ချိပ်ပိတ်လိုက်ကြောင်း...