မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ

မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ရခိုင်တွင် ကလေးသူငယ်များ ထိခိုက်သေဆုံးမှု မြင့်တက်နေဆဲ
ထိန်းချုပ်နယ်မြေများတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - APM
ထိန်းချုပ်နယ်မြေများတွင် အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - APM

ရခိုင်ပြည်တွင် မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် ကလေးသူငယ်များမှာ ထိခိုက်သေဆုံးမှုမှာ ဆက်လက်မြင့်တက်လျက်ရှိနေဆဲဖြစ်သည်။

အထူးသဖြင့် စစ်ကောင်စီ ယာယီတပ်စခန်းချခဲ့သည့် နေရာများ၊ တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်နေရာများတွင် မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ကလေးငယ်များမှာ ထိခိုက်သေဆုံးမှုများရှိနေသည်။

ဇန်နဝါရီ ၂၉ ရက်တွင် မောင်တောမြို့နယ်၊ ရွှေဇားအုပ်စု၊ ဂုံးနားရွာမှ အသက် (၇) နှစ်အရွယ် ကုရ်ရှိတ်အာလာမှာ မြေမြှုပ်မိုင်းနင်းမိ၍ ညာဖက်ခြေထောက် ပြတ်ထွက်သွားခဲ့သည်။

အဆိုပါ မြေမြှုပ်မိုင်းမှာ နေအိမ်အောက်တွင် ရှိနေခြင်းဖြစ်ပြီး ကုရ်ရှိတ်အာလာမှာ နေအိမ်ပေါ်မှ အောက်သို့ဆင်းကာ သွားလာလှုပ်ရှားနေစဉ် မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။

မိုင်းနင်းမိသွားခဲ့သည့် ကုရ်ရှိတ်အာလာမှာ အရေးပေါ်ဆေးဝါး ကုသမှုခံယူနေစဉ်အတွင်း ယမန်နေ့ (ဇန်နဝါရီ ၃၁ ရက်) တွင် ဒဏ်ပြင်းထန်သဖြင့် သေဆုံးသွားခဲ့သည်။

"နေအိမ်ထဲမှာပဲ မိုင်းပေါက်ကွဲလို့ ကလေးက ခြေထောက်ပြတ်သွားတယ်။ ဘင်္ဂလားဒေ့ရှ်ဖက်ကိုသွားပြီး ဆေးကုသမယ်လို့ စီစဉ်နေကြတာ။ ဒဏ်ရာအခြေအနေက ဆိုးတော့ မနေ့ကပဲ ဆုံးသွားတယ်" ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဂုံးနားကျေးရွာသားများမှာ မောင်တောတိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှစ၍ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း ကျေးရွာသားများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်သားများက ထိုကျေးရွာအတွင်း တပ်စွဲနေထိုင်ခဲ့ကြခြင်းဖြစ်ကာ ယခုပေါက်ကွဲသွားသည့် မိုင်းမှာလည်း စစ်ကောင်စီတပ်မှ ထောင်ထားခဲ့သည့် မိုင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။

ယခုနှစ် ဇန်နဝါရီ ၁၈ ရက်ကလည်း ဂွမြို့နယ်၊ ကင်းပုံကျေးရွာမှ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဖခင်ယူဆောင်လာသည့် စစ်ကျန်လက်နက်တစ်လုံးကို ဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးသွားခဲ့သည်။

လက်ရှိ ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) က မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း ဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဆက်လက်ရင်ဆိုင် ကြုံတွေ့နေရဆဲဖြစ်သည်။

"မိုင်းအန္တရာယ်နဲ့ပတ်သက်လို့ ကျမတို့ အဖွဲ့အစည်းကနေပြီး အသိပညာ ဟောပြောပွဲတွေ၊ တောတောင်အနီးက ကျေးရွာကို သွားပြီး မိုင်းအန္တရာယ်ဆိုင်းဘုတ်တွေ ပုံစံအမျိုးမျိုးနဲ့ လုပ်နေတာတွေရှိပါတယ်။ AA ဘက်ကလည်း မိုင်းရှင်းလင်းရေး လုပ်နေတာရှိတယ်။ နေရာတိုင်းကိုတော့ မလုပ်ပေးနိုင်သေးဘူး။ ဒါကြောင့် မိုင်းတွေ၊ စစ်ကျန်လက်နက်တွေက နေရာတိုင်းမှာ ရှိနိုင်သေးတယ်" ရခိုင်အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းအပြင် မိုင်းအန္တရာယ် ရှင်းလင်းရန်အတွက် ငွေကြေး၊ စက်ယန္တရား၊ နည်းပညာအကူအညီများ လိုအပ်နေသေးကြောင်း ၎င်းက ဆက်ပြောသည်။

တစ်ဖက်တွင်လည်း တောတောင်များအမှီပြု၍ လုပ်ကိုင်စားသောက်နေကြသူများမှာ မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကြောင့် အခက်အခဲများစွာကို ရင်ဆိုင်နေကြရသဖြင့် ဝမ်းရေးထိခိုက်မှုများရှိနေသည်။

ရခိုင်ကျေးလက်ဒေသအများစုမှာ တိုက်ပွဲနယ်မြေဖြစ်ပွားခဲ့သဖြင့် ဒေသခံများမှာလည်း မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်ကို ဆက်လက်ရင်ဆိုင်ကြုံတွေ့နေကြရသေးမည်ဖြစ်ကြောင်း ပြောဆိုကြသည်။

DMG က ကောက်ယူထားသည့် စာရင်းအရ ရခိုင်တွင် ယခုနှစ်၊ ဇန်နဝါရီလအတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးသူ ကလေးငယ်အပါအဝင် ၄ ဦးအထိရှိသည်။

Photo credit - Women Generation
December 4, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး ၁၆ ရက်တာလှုပ်ရှားမှုများကို  ဒေသတွင်း...
December 3, 2025
လက်ရှိ စပါးပေါ်ရာသီ၌ ရခိုင်ပြည်အတွင်း စပါးဈေးကွက် မရှိသည့်အပြင် စပါးကုန်သည်များ၏ အခြင်အတွယ်...
December 2, 2025
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းတွင် ခိုလှုံနေကြသည့် စစ်ဘေးရှောင် အိမ်ထောင်စု ၇၀၀...
December 1, 2025
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခနောက်ဆက်တွဲ ဆိုးကျိုးအဖြစ် မိုင်းထိခံရသူ မိသားစုဝင် ၈၀...