စစ်ကောင်စီကို စင်ကာပူကုမ္ပဏီတစ်ခုက ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့

စစ်ကောင်စီကို စင်ကာပူကုမ္ပဏီတစ်ခုက ရေနံစည်ပေါင်း ၂ သန်းကျော် ထောက်ပံ့ခဲ့

၂၀၂၁ ဖေဖော်ဝါရီလမှစ၍ ၂၀၂၃ ခုနှစ်ကုန်အထိ စင်ကာပူ စတော့အိတ်ချိန်းစာရင်းဝင် Interra Resources ကုမ္ပဏီ၏ မြန်မာနိုင်ငံအတွင်းရှိ လုပ်ငန်းများသည် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် တန်ဖိုးရှိသော ရေနံစည်ပေါင်း ၂ သန်းကျော်ကို စစ်ကောင်စီထံ ထောက်ပံ့ခဲ့ကြောင်း Justice For Myanmar ၏ ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါ ရေနံများကို မကွေးတိုင်းရှိ Goldpetrol ၏ ကုန်းတွင်းရေနံမြေ ၂ ခုဖြစ်သော ချောက်နှင့် ရေနံချောင်းတို့မှ ထုတ်ယူခဲ့ခြင်းဖြစ်ပြီး ယင်းရေနံများဖြင့် စစ်ကောင်စီက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း  Justice For Myanmar က ဆိုသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “Interra Resources က အကြမ်းဖက်စစ်အုပ်စုဆီ ရေနံတွေ ဆက်လက်ရောင်းချပြီး မြန်မာစစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါ ပတ်သက်နေပါတယ်။ MOGE နဲ့ အဲဒီကုမ္ပဏီရဲ့ စီးပွားဆက်နွှယ်မှုက ကလေးသူငယ်တွေကို သတ်ဖြတ်၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေကို ဖျက်ဆီးခဲ့ပြီး လူပေါင်း ၃ သန်းကျော်ကို နေရပ်စွန့်ခွာစေခဲ့တဲ့ စစ်အုပ်စုက တိုးမြှင့်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးကို တိုက်ရိုက် ပံ့ပိုးကူညီနေပါတယ်” ဟု ပြောသည်။

လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်အပေါ် နိုင်ငံတကာ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ရင်ဆိုင်နေရသော စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ ကျူးလွန်နိုင်ရန် လောင်စာဆီရှာဖွေရေးအတွက် အသည်းအသန် ကြိုးပမ်းနေရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် စင်ကာပူစတော့အိတ်ချိန်းအနေဖြင့် ဒဏ်ခတ်ပိတ်ဆို့ထားသည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် စီးပွားရေး ဆက်လက်လုပ်ဆောင်မှု၊ စစ်ကောင်စီ၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါပတ်သတ်မှုများအတွက် Interra Resources အား စည်းမျဉ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်ချက်များ လုပ်ဆောင်ရန် Justice for Myanmar က တိုက်တွန်းထားသည်။

“စင်ကာပူအပါအဝင် အစိုးရတွေအနေနဲ့ ရှေ့ထွက်ပြီး စစ်အုပ်စုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရပါမယ်။ စစ်အုပ်စုရဲ့ မသမာစီးပွားရေးလုပ်ငန်းတွေမှာ သူတို့ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေပါဝင်မှုကို အဆုံးသတ်ရပါမယ်” ဟု မရတနာမောင်က ဆိုသည်။

၎င်းတို့အနေဖြင့် စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများတွင် Interra Resources ၏ ကြံရာပါပတ်သက်နေမှုကို အဆုံးသတ်ရန်အတွက် အရေးယူဆောင်ရွက်ရမည် ဖြစ်သည်။

ယင်းအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံ စင်ကာပူသည် ၎င်း၏ပိုင်နက်အတွင်းရှိ ကုမ္ပဏီများနှင့် နိုင်ငံသားများအား စစ်အုပ်စုထံ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပစ္စည်းများ ထောက်ပံ့ကူညီပြီး မြန်မာနိုင်ငံတွင်း အကျပ်အတည်းများ ရှည်ကြာနေခြင်းမှ ကာကွယ်တားဆီးရန် အထူးတာဝန်ရှိကြောင်း Justice For Myanmar က ဆိုသည်။

နိုင်ငံတဝန်းတွင် စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းပစ် ခတ်မှုများပြုလုပ်နေပြီး လူ့အခွင့်အရေးကို ချိုးဖောက်မှုများလည်း နေ့စဉ်ရှိနေသည်။

ရခိုင် လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက “အခု စစ်ကောင်စီက သူတို့ ဆုံးရှုံးလိုက်တဲ့ မြို့တွေကို အချိန်အခါမရှိ ဗုံးကြဲတယ်။ ပြည်သူတွေရှိတဲ့နေရာတွေကို ဗုံးချတယ်။ ဒါတွေဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်။ ဒါတွေကို နိုင်ငံတကာကလည်း အရေးယူဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း ၉၅ မြို့အထိရှိပြီး အဆိုပါနေရာများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ နေ့စဉ်နှင့်အမျှ ရှိနေသည်။

BNI ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁,၀၅၄ ခုအထိ ပြုလုပ်ခဲ့ပြီး အရပ်သားသေဆုံးသူ ၁,၀၀၁ ဦးထိရှိခဲ့ကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - DMG
June 16, 2026
ULA/AA ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ အမှတ် (၅) ရပ်ကွက် (ကျောက်တွေရွာ)...
ရခိုင်က မြို့နယ်တစ်ခုတွင် စာသင်ကြားနေသည့် ကျောင်းဆရာမတစ်ဦးနှင့် ကလေးငယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 15, 2026
အာရက္ခတပ်တော် ထိန်းချုပ်မြို့နယ်များတွင် ယခုနှစ် ပညာရေးကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် အခြေခံပညာ...
အသုံးပြု၍ မရဘဲဖြစ်နေသည့် KBZ အကောင့်။ ဓာတ်ပုံ - DMG
June 13, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ဒေသမှာ ငွေလွှဲ/ငွေထုတ် ပြုလုပ်နေသည့် KBZ Mobile Banking...
June 12, 2026
၂၀၂၅ ခုနှစ်၊ မေလမှ ၂၀၂၆ ခုနှစ်၊ မေလထိ တစ်နှစ်တာကာလအတွင်း ရခိုင်ဒေသခံ ၃,၉၉၃ ဦးကို...