တော်လှန်ရေးတပ်များကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စစ်ရေးစစ်နယ် ပို၍ကျယ်ပြန့်လာနိုင်

တော်လှန်ရေးတပ်များကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ စစ်ရေးစစ်နယ် ပို၍ကျယ်ပြန့်လာနိုင်
ရခိုင် - ဧရာဝတီအစပ် တိုက်ပွဲများအတွင်းတွေ့ရသော အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk။
ရခိုင် - ဧရာဝတီအစပ် တိုက်ပွဲများအတွင်းတွေ့ရသော အာရက္ခတပ်တော်တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk။

ယခုနှစ်အတွင်း နိုင်ငံတဝန်း မြို့သိမ်းခြင်း၊ မြို့ထိန်းခြင်းဖြစ်စဉ်များနှင့်အတူ တော်လှန်ရေး၏ ဦးတည်ရာသည်လည်း စစ်ရေးစစ်နယ် ပိုမိုကျယ်ပြန့်လာနိုင်ပြီး တော်လှန်ရေးအင်အားစုများကြား ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုရှိလာနိုင်ကြောင်း နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) ၏ ယခုလထုတ် အစီရင်ခံစာက ဖော်ပြသည်။

BNI မှတ်တမ်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်ထိ တစ်နှစ်တာအတွင်း နိုင်ငံတဝန်း တိုက်ပွဲဖြစ်စဉ်ပေါင်း ၂,၀၃၉ ခုရှိခဲ့ပြီး ထိုထဲမှ တိုက်ပွဲဖြစ်စဉ် ၂,၀၁၁ ခုသည် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထူးခြားချက်အဖြစ် စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်ပွားမှု ၆၀ ရာခိုင်နှုန်းကျော်အထိရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တော်လှန်ရေးတပ်များ၏ ဦးဆောင်မှုနှင့် ပူးပေါင်းလှုပ်ရှားမှုများသည် ပိုမိုထင်ရှားလာခဲ့ကြောင်း BNI က အစီရင်ခံစာက ဆိုသည်။

ရခိုင်နှင့် ချင်းပြည်နယ်တခွင်တွင် စစ်ကောင်စီကင်းစင်ရေးအတွက် တော်လှန်ရေးအင်အားစုများက လက်တွေ့ကျကျ လှုပ်ရှားလာသကဲ့သို့ ကရင်နီ (ကယား) နှင့် ကရင်ပြည်နယ်တို့တွင်လည်း စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုများ အရှိန်အဟုန်မြှင့်တင်ရေးအတွက် အားထုတ်လာကြသည်။

“ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက ကျနော်တို့လက်ထဲမှာပဲရှိတယ်။ ဒီစစ်ကောင်စီ စစ်အာဏာရှင်စနစ် ဘယ်အာဏာရှင်စနစ်မှ ဘယ်လိုမှ မတည်မြဲဘူးဆိုတာ ကျနော်က အသေအချာပြောရဲတယ်” ဟု KNU ၏ စစ်ရေးမဟာဗျူဟာနှင့် ပတ်သက်၍ ပြောခွင့်ရ ပဒိုစောတောနီးက ပြောထားကြောင်း BNI အစီရင်ခံစာတွင် ပါရှိသည်။

ထိုနည်းတူ တော်လှန်ရေးအင်အားစုများနှင့် NUG လက်အောက်ခံ PDF တပ်ရင်း၊ တပ်ဖွဲ့များအကြား ပူးပေါင်းလုပ်ဆောင်သည့် စစ်ရေးလှုပ်ရှားမှုများကိုလည်း မြင်လာကြောင်း BNI အစီရင်ခံစာက ထောက်ပြသည်။

ဧရာဝတီတိုင်းအတွင်းလည်း စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများဖြင့် တိုင်းစစ်ဌာန (ဧရာဝတီ) ကို အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ BPLA နှင့် PLA တို့ အညာဒေသသို့ စစ်ရေးလှုပ်ရှားမှုများ ရွှေ့ပြောင်းခြင်း၊ မွန်ဒေသတွင်း ကာကွယ်ရေးတပ်းများ ပေါင်းစည်းစသည့် ဖြစ်စဉ်များသည် တော်လှန်ရေး၏ ဦးတည်ရာကို လှစ်ဟပြသနေသည်ဟုလည်း BNI က ရှုမြင်ထားသည်။

AA ၏ မြို့သိမ်းဖြစ်စဉ်များနှင့် စစ်ရေးအောင်မြင်မှုများသည် ရခိုင်ပြည်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ချင်းပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ မဟာမိတ်တော်လှန်ရေးအင်အားစုများအတွက် လက်နက်ခဲယမ်းမှအစ စစ်ရေးစစ်ရာများတွင် အထောက်အကူပြုလာနိုင်ကြောင်းကို မင်းတပ် မြို့သိမ်းဖြစ်စဉ်က သက်သေပြလျက်ရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နှင့် ချင်းပြည်နယ်အတွင်း မြို့ပေါင်း (၂၅) မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည့် အာရက္ခတပ်တော်သည် ဒေသတွင်း မဟာမိတ်များနှင့်ပူးပေါင်းကာ ရခိုင်ရိုးမနှင့် နယ်ချင်းထိစပ်နေသည့် ရခိုင် - ပဲခူး၊ ရခိုင် - မကွေးနှင့် ရခိုင် - ဧရာဝတီ စသည့် နယ်စပ်ဒေသများထိပါ စစ်ရေးလှုပ်ရှားများ ရှိလာနေသည်။

တစ်ဖက်တွင်လည်း ရခိုင်က မြို့နယ် (၁၄) ခုအထိ AA ထံ လက်လွှတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် ထိုနယ်စပ်ဒေသများမှတစ်ဆင့် စစ်ရေးအရ ထိုးဖောက်လာမည်ကို ဟန့်တားနိုင်ရေး ပြင်ဆင်လျက်ရှိသည်ကိုလည်း တွေ့နေရသည်။

“မကွေးတို့ ပဲခူးတိုင်းတွေမှာ အေအေနဲ့အတူ နယ်မြေခံ တော်လှန်ရေးတပ်တွေပါလာတယ်။ အဲဒါက မြို့တွေကို သိမ်းပြီးသွားပြီဆိုလို့ ပြီးမသွားဘူး။ သူတို့ကို အမြစ်ဖြတ်ပြီးတိုက်မှ စစ်ကောင်စီပြိုလဲမှ အလုံးစုံနိုင်မယ်ဆိုတာ အေအေ နားလည်ထားတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရှုမြင်သည်။

လက်ရှိ နိုင်ငံတဝန်းတွင် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့ပေါင်း (၉၅) မြို့အထိ ရှိလာခဲ့ပြီဖြစ်ကြောင်း BNI ၏ စာရင်းအရ သိရသည်။

ထိုကြောင့် တော်လှန်ရေး၏ ဦးတည်ရာကို မှန်းမျှော်ကြည့်မည်ဆိုပါက တော်လှန်ရေးအင်အားစုများအနေဖြင့် သက်ဆိုင်ရာ နယ်မြေဒေသအလိုက် စစ်ကောင်စီတပ်ကင်းစင်ရေး၊ စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးထိုးစစ် အရှိန်မြှင့်နိုင်ရေးကို ကြိုးပမ်အားထုတ်နေကြသည်ကို တွေ့ရကြောင်း BNI အစီရင်ခံစာက ညွှန်းပြထားသည်။

August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...