စားဝတ်နေရေးကျပ်တည်းမှုကြောင့် စစ်တွေမြို့ခံအချို့ ဆန်ပြုတ်ကျိုသောက်နေရ

စားဝတ်နေရေးကျပ်တည်းမှုကြောင့် စစ်တွေမြို့ခံအချို့ ဆန်ပြုတ်ကျိုသောက်နေရ

စစ်ကောင်စီထိန်းချုပ်ထားဆဲ ရခိုင်ပြည်၏ မြို့တော် စစ်တွေတွင် အခြေခံအလုပ်သမားများမှာ စားဝတ်နေရေးကျပ်တည်းမှုကြောင့် ထမင်းဝဝလင်မစားနိုင်၍ ဆန်ပြုတ်ကျိုသောက်နေရကြောင်း သတင်းရရှိသည်။

အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတို့ကြောင့် အခြေခံလက်လုပ်လက်စားများမှာ စားဝတ်နေရေးကျပ်တည်းဒဏ်နှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

“ဘေးအိမ်က မိသားစုက ထမင်းမစားရလို့ ကျမတို့အိမ်က ဆန်ပေးလိုက်တော့ ဆန်ပြုတ်ကျိုပြီး စားကြတယ်။ ဆန်ပြုတ်က ရပ်ကွက်တိုင်းနီးပါး စားနေကြရတာ။ အခု စစ်တွေမှာ အကုန်လုံးက မရှိဆင်းရဲသားတွေပဲ ကျန်ခဲ့တာ။ တချို့ဆိုရင် ထမင်းနပ်မှန် မစားရဘူး” ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ပေါ်ဆန်းမွှေးတစ်အိတ်ကို ငွေကျပ် ၂၅၀,၀၀၀ ခန့်၊ ဓါတ်ဆီ တစ်လီတာကို ငွေကျပ် ၂၅,၀၀၀ ခန့်၊ ကြက်ဥတစ်လုံးကို ငွေကျပ် ၁,၅၀၀ ခန့်၊ ကြက်သွန် တစ်ပိဿာကို ငွေကျပ် ၁၇,၀၀၀ ခန့်ရှိကြောင်း သိရသည်။

စစ်တွေမြို့တွင် ဒေသခံအများစု ပြည်မနှင့် အာရက္ခတပ်တော် (AA) ထိန်းချုပ်နယ်မြေများသို့ စစ်ဘေးတိမ်းရှောင်သွားကြ၍ မြို့တွင်း လုပ်ငန်းအများစုမှာလည်း လည်ပတ်ခြင်းမရှိတော့ပေ။

ထို့ကြောင့် အခြေခံလက်လုပ်လက်စားများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာနေကာ ပြီးခဲ့သည့် ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ ဆန်ပြုတ်ကျိုသောက်နေရခြင်းဖြစ်ကြောင်း သိရသည်။

“အခုကတော့ ရပ်ကွက်ကလူတွေ ပေးလို့စားနေရတယ်။ မပေးရင် မစားရဘူး။ အရင်က သူများအိမ်မှာ လစဉ် အဝတ်လျှော်တာတွေ လုပ်တယ်။ အခုမြို့မှာ ပိုက်ဆံရှိတဲမရှိတော့ ဘာအလုပ်မှ မရှိတော့ဘူးလေ” ဟု စစ်တွေမြို့မှ ဟိန္ဒူ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီသည် စစ်တွေမြို့ကို ရေလမ်း၊ ကုန်းလမ်းခရီးကို ပိတ်ဆို့ထား၍ ပြည်သူများ ကုန်စည်ပြတ်လပ်မှု ဒဏ်ကိုခံစားနေရကြောင်း ပြောဆိုကြသည်။

စစ်ကောင်စီသည် ရန်ကုန်ကနေ ကုန်သင်္ဘောကြီးများဖြင့် စစ်တွေဆိပ်ကမ်းသို့ အခြေခံလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ တင်ပို့နေသော်လည်း အဆိုပါ ပစ္စည်းများကို စစ်ကောင်စီ ဝန်ထမ်းများသာ မျှဝေလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေမှုကြောင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိ၍ ဝင်ငွေမရှိဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

“ပထမတုန်းကတော့ သမီးတို့နဲ့ အဆက်သွယ်ရလို့ ငွေလွှဲပေးတာနဲ့ စားသောက်ရေးအဆင်ပြေခဲ့တယ်။ အခုက ဖုန်းလိုင်းမရတော့ သမီးနဲ့လည်း အဆက်အသွယ်မရဘူး။ တစ်နပ်စာကို နှစ်နပ်စာလုပ်ပြီး ချွေတာစားနေရတယ်။ ဖြစ်နိုင်ရင် စစ်တွေက ထွက်သွားချင်ပြီ” ဟု နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

လတ်တလော စစ်တွေတွင် တိုက်ပွဲများမြို့နှင့်နီးကပ်လာ၍ မြို့ခံအချို့မှာ ပြည်မဒေသများသို့ လေယာဉ်ဖြင့် တိမ်းရှောင်သူများရှိနေသော်လည်း အခြေခံလူတန်းစားများမှာ ထွက်ခွာရန်ငွေကြေးအဆင်မပြေ၍ ယခုကဲ့သို့ မြို့အတွင်း ပိတ်မိနေကြခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

စစ်တွေမြို့အတွင်း၌လည်း စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ခြင်းနှင့် ဖမ်းဆီးတရားစွဲဆိုခြင်းများကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်မှုဖြင့် ရင်ဆိုင်နေကြရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့ နယ်စပ်တစ်လျောက်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။

ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို လေကြောင်း ဗုံးကြဲပြီးနောက် ထိခိုက်ပျက်စီးမှုအခြေအနေကို မေးမြန်းနေသည့် သတင်းထောက်နှစ်ဦး။ ဓာတ်ပုံ - DMG
June 23, 2026
ရခိုင်ပြည် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သတင်းသမားများ ဘေးကင်းလုံခြုံရေး၊...