ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံများကို ရွှေ့ပြောင်းကြဖို့ KIA နဲ့ PDF များ သတိပေး

ဗန်းမောက်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာက ဒေသခံများကို ရွှေ့ပြောင်းကြဖို့ KIA နဲ့ PDF များ သတိပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နဲ့ တစ်မိုင်ခန့်အကွာမှာရှိတဲ့ စက်တောကျေးရွာနဲ့ လယ်နက်ကြီးကျေးရွာက ဒေသခံ ကျေးရွာသူ/သားတွေကို ရွှေ့ပြောင်းစွန့်ခွာကြဖို့  KIA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက အစည်းအဝေးခေါ်ယူပြီး ပြောဆိုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂) ရက်နေ့မှာ အဲ့ဒီကျေးရွာနှစ်ရွာက ရပ်မိ/ရပ်ဖများနဲ့ ရပ်ကွက်လူကြီးများကို ခေါ်ယူစုဝေးပြီး ရက်သတ္တပတ်အတွင်း အလျင်အမြန် ရွှေ့ပြောင်းထွက်ခွာကြဖို့ ပြောဆိုခဲ့တာဖြစ်တယ်လို့  ဗန်းမောက်ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။

“ရွာသူရွာသားတွေကို ဒီရက်ပိုင်း အချိန်တစ်ပတ်နောက်ဆုံးထားပြီး ရွာကနေ ထွက်သွားကြဖို့ လာချိန်းခြောက်ပြောသွားတယ်။ ဘယ်ကိုဘဲရွှေ့ရွှေ့ပေါ့လေ” ဟု သူကဆိုပါတယ်။

ဒီကျေးရွာအနီးတစ်ဝိုက်နဲ့ ကျေးရွာအတွင်းတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားလာနိုင်တာကြောင့် အခုလို ရှောင်တိမ်းစေတာဖြစ်တယ်လို့ ဒေသခံများက ဆိုကြပါတယ်။

တစ်ပတ်ကျော်လာပြီးတဲ့အချိန်အထိ ဒေသခံတချို့ နဲ့ ဌာနဝန်ထမ်းတချို့က ပြောင်းရွေ့ကြပြီး တချို့က ကျေးရွာအတွင်း ဆက်လက်နေထိုင်ကြဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့ကိုလည်း ၂၀၂၄ ခုနှစ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်တော့မည်ဆိုသည့် သတင်းဖြင့် မြို့ကနေ ရွှေ့ပြောင်းကြဖို့ သတိပေးမှု ၄ ကြိမ်ထက်မနည်း ရှိခဲ့ပါတယ်။

သို့ပေမယ့် ဒေသခံတချို့က ခေတ္တခဏရွေ့ပြောင်းပြီး ပြန်လည်နေထိုင်ကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗန်းမောက်မြို့ပေါ်နေထိုင်သူတစ်ဦးက “စက်တောဘက်ကတော့ တချို့တလေကြတော့ ပြောင်းကြတယ်။ အကုန်လုံး အများအားဖြင့်တော့ မပြောင်းကြဘူး။ ဝန်ထမ်းနဲ့ မိသားစုတွေပဲ မြို့ထဲကို ဝင်လာနေကြတာရှိတာ၊ အဲ့တာကလည်း ပုံမှန်လိုဖြစ်နေပါပြီလေ။ ဒီမှာတော့ ရုတ်ရုတ်ဆို ဟိုဘက်သွားလိုက် ပြန်သွားနေလိုက် နှစ်ရက်သုံးရက်နေလိုက် ပြန်ငြိမ်သွားပြန်ပြီဆို ပြန်လာနေပြန် အဲ့လိုပါပဲ” လို့ ပြောပါတယ်။

ဗန်းမောက်မြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့နယ်ရဲ့ အနောက်ခြမ်းဒေသများကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က  ထိန်းချုပ်ထားကာ တောင်ပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသများကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပါတယ်။

July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...
July 16, 2026
မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသည့် ဂြိုဟ်တုအခြေစိုက် Starlink အင်တာနက်များကို...