နှစ်သစ်ကူးညကို ဗုံးခိုကျင်းထဲ ဖြတ်သန်းရတဲ့ စစ်ဘေးရှောင်များ

နှစ်သစ်ကူးညကို ဗုံးခိုကျင်းထဲ ဖြတ်သန်းရတဲ့ စစ်ဘေးရှောင်များ

၂၀၂၅ နှစ်သစ်ကူးညမှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ ဗုံးခိုကျင်းထဲမှာပဲ နှစ်သစ်ကူးညကို ဖြတ်သန်းခဲ့ရပါတယ်။

နှစ်သစ်ကူးည ၁၂ နာရီမတိုင်ခင်အချိန် ဗုံးကြဲခံရတဲ့နေရာအနီးမှာ နေထိုင်တဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက သူရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“မနေ့က ၁၂ နာရီဝန်းကျင်ပေါ့။ New Year ကြိုဆိုနေတယ်လေ။ အဲ့ခါကျတော့ မီးပုံဘေးမှာထိုင်ပြီး မီးလှုံကြတယ်ပေါ့။ လေယာဉ်လာကြဲသွားတော့ ကိုယ်လည်း လန့်‌တယ်ပေါ့။ ကလေးက အိပ်ပျော်နေတော့ ကလေးတွေကို ချီပြီး‌တော့မှ ဗုံးခိုကျင်းမှာ သွားပုန်းနေရတယ်။ ခနနေကျရင် နောက်တခါ ထပ်လာမှာ စိုးရိမ်တယ်ပေါ့နော်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်မှုတော့မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံးနေ့၊ နှစ်သစ်ကူးနေ့ကို ကြိုဆိုနေကြတဲ့အချိန် ဒီလို ဗုံးကြဲတိုက်ခိုက်မှုဟာ ပြည်သူတွေကို မပျော်ရွှင်ရအောင် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

“New Year မှာ ပျော်ရွှင်ရမယ့်ဟာကို သူတို့ (စစ်ကောင်စီ) က စိတ်ဒဏ်ရာ ထပ်ခါထပ်ခါ လာပေးတယ်။ နှစ်သစ်မှာဆို ပျော်ရွင်ချင်တယ်လေနော်။ သူတို့ (စစ်ကောင်စီ ) ရဲ့ လုပ်ရပ်တွေက ပြည်သူတွေကို နှိပ်စက်နေတာ၊ ပြည်သူတွေကို ခြောက်လန့်နေတာ၊ ပြည်သူတွေကို ဖိနှိပ်နေတယ်” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့  နှစ်သစ်ကူးနေ့ တစ်ရက်ထဲမှာပဲ လွိုင်ကော်အရှေ့ခြမ်းမှာရှိတဲ့ ဆင်စခန်း စစ်ရှောင်စခန်း လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့အတွက် ထိခိုက်သေဆုံးသူနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နဲ့ ကယန်းဒေသတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအရေအတွက် (၁၇၆၅) ကြိမ်နဲ့ အရပ်သားသေဆုံးမှု (၅၃၆) ဦးရှိတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ယမန်နေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...
Photo credit - Bangkok Post
December 2, 2025
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ သံလွင်မြစ်တစ်လျှောက်က စောင့်ကြည့်ရေးနေရာ ၁၃...
December 1, 2025
နိုဝင်ဘာလအတွင်းမှာ ကရင်နီပြည်ရဲ့ မြောက်ပိုင်းအရပ်ကနေ တောင်ပိုင်းအရပ်၊ လွိုင်ကော်၊ ဒီးမော့ဆို၊...