မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက် ခြိမ်းခြောက်ငွေညှစ်တာအပြင် လူတွေကိုပါ အမှုဖွင့်အရေးယူတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေဟာ လိုင်စင်မဲ့မော်တော်ယာဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်လောက်ကစတင်ပြီး စီမံချက်နဲ့ သူတို့ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တွေမှာ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပါ။

ဖမ်းဆီးတဲ့နေရာမှာတော့ လိုင်စင်မဲ့မော်တော်ကားတွေအပြင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေကိုပါ ဖမ်းဆီးပြီး ကျပ်သိန်းဆယ်ချီတောင်းခံကာ ပြန်လွှတ်ပေးတာရှိသလို တချို့ဖြစ်စဉ်တွေမှာတော့ လူကိုပါ ဖမ်းဆီးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ ရေးဒေသခံတစ်ဦးက လိုင်စင်မဲ့မော်တော်ယာဉ်တွေ ဖမ်းဆီးရာမှာ ဆိုင်ကယ်အမျိုးအစားအပေါ် မူတည်ပြီး အနည်းဆုံး ကျပ် ၅ သိန်းကနေ သိန်း ၃၀ အထိ တောင်းခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဆိုင်ကယ်က ဒီမှာက သူတို့က စီမံချက်နဲ့ ဖမ်းတာလေ။ စီမံချက်ဆိုတာက အဖွဲ့စုံနဲ့ဖမ်းတာလည်းရှိတယ်။ ဆိုင်ကယ်အပေါ် မူတည်ပြီးတော့ ၅ သိန်းကနေ သိန်း ၃၀ လောက်အထိ ပေးရတယ်။ ဆိုင်ကယ်ကောင်းရင်ကောင်းသလို ပေးရတယ်။ ဒီအချိန်က သူတို့က တခြားစစ်မှုထမ်းကိစ္စတွေလည်း လူလိုတယ်ဟုတ်လား။ အဲဒါတွေလည်း သူတို့က အဆင်မပြေရင် ဖမ်းဆွဲထားတာလည်း ရှိတယ်လေ။ တချို့ကတော့ ဆိုင်ကယ်ရောလူရော ခေါ်ထားတာတွေရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ ဒေသခံတွေရဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနေပေမယ့် သူတို့နဲ့ နီးစပ်သူတွေ လိုင်စင်မဲ့မော်တော်ယာဉ် စီးနင်းပါက ဖမ်းဆီးတာမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ သထုံဒေသခံတစ်ဦးကလည်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်အပြင် ဘေးတွဲတွေကိုပါ မြို့ဝင်/မြို့ထွက်အပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာလည်း ရှောင်တခင် ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“ဖမ်းတာတော့ ဖမ်းတယ်။ လိုင်စင်မဲ့ကားတွေ ဖမ်းတယ်။ ဆိုင်ကယ်တွေ ဖမ်းတယ်။ ဘေးတွဲတွေ ဖမ်းတယ်။ ဂိတ်တွေမှာ အဲဒီလိုမျိုးပေါ့ ဖမ်းတယ်။ ဘေးတွဲတွေ ဘာတွေကျတော့လည်း မိန်းလမ်းမပေါ် တက်လို့ရှိရင် ဖမ်းတယ်။ အဲဒီလိုမျိုးပေါ့ တကယ့် သူတို့က ရှောင်တခင် မထင်ရင်မထင်သလို ဝင်ဝင်ဖမ်းတယ်” လို့ ဆိုပါတယ်။

ပြည်နယ်အတွင်းက လိုင်စင်မဲ့ မော်တော်ယာဉ်အများစုဟာ နယ်စပ်တွေကတဆင့် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်အမျိုးမျိုးကို ငွေကြေးပေးဆောင်ပြီးမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလအတွင်းမှာတော့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့အကြီးအကဲတွေကအစ ဦးဆောင်တင်သွင်းတာတွေ ရှိနေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီ အရာရှိတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...