ဘားအံ၌ စက်သုံးဆီ ရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရပြန်

ဘားအံ၌ စက်သုံးဆီ ရရှိရေး အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူနေရပြန်
ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး နေသဖြင့် ဝယ်ယူရရှိရန် ခက်ခဲလာပြီး အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူရသည့် အခြေအနေများ ပြန်လည်ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်အုပ်စုက စက်သုံးဆီခွဲတမ်းများကို လျှော့ချလိုက်ခြင်းကြောင့်ဟုဆိုကာ ဩဂုတ်လလယ်ပိုင်းမှစ၍ စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများမှာ အကန့်အသတ်ဖြင့်သာ ပြန်လည် ရောင်းချ ပေးနေခြင်း ဖြစ်သည်။

စက်သုံးဆီသယ်ယာဉ်များ ရောက်ရှိလာမှသာ ဆိုင်များက ရောင်းချပေးနေခြင်းဖြစ်၍ ဒေသခံများသည် ဆီရရှိရန် အချိန်ကြာမြင့်စွာ တန်းစီနေကြရသလို စက်သုံးဆီဆိုင် အများစုမှာလည်း ဆီမရှိဘဲ ပိတ်ထားရသည့် ရက် များပြားနေသည်ဟု ပြောသည်။

စစ်အုပ်စု၏ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဩဂုတ်လ ၂၅ ရက် နေ့ ထုတ်ပြန်ချက်အရ ဘားအံမြို့တွင် ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ် ၃,၆၈၅ ၊ 95 တစ်လီတာလျှင် ကျပ် ၃,၈၀၀ သတ်မှတ်ထားကြောင်း ဖော်ပြထားသည်။

အဆိုပါ သတ်မှတ်ဈေးနှုန်းများဖြင့် ရောင်းချသည့် စက်သုံးဆီဆိုင်ကြီးများတွင် သွားရောက်စောင့်ဆိုင်း တန်းစီ ဝယ်ယူနေကြရပြီး ပြင်ပ စက်သုံးဆီဈေးကွက်၌မူ ၁ လီတာလျှင် ကျပ် ၁၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေသ ဖြင့် ဒေသခံများမှာ ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူအသုံးပြုနေကြရသည်။

စက်သုံးဆီဆိုင်ကြီးများသည် ခွဲတမ်းရရှိထားသည့် ဆီများကို ဒေသခံများအတွက် အနည်းငယ်သာ ရောင်းချပေး ပြီး ကျန်အများစုကို ပြင်ပဈေးကွက်သို့ ပိုမိုထုတ်ရောင်းနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များလည်း ရှိနေ သည်။

ကရင်ပြည်အတွင်း စက်သုံးဆီ ပြတ်တောက်မှုဖြစ်ပွားခြင်း၊ လိုအပ်သလောက် ဝယ်ယူ၍မရခြင်းနှင့် ပြင်ပဈေး ကွက်မှ ဈေးနှုန်းမြင့်မားစွာ ဝယ်ယူနေရခြင်းတို့ကြောင့် ဆန်၊ ကြက်သွန်၊ အာလူး၊ ကြက်ဥ စသည့် အခြေခံ ကုန် ဈေးနှုန်းများနှင့် သွားလာရေး ကုန်ကျစရိတ်များ မြင့်တက်လာမှုကို ဒေသခံပြည်သူများ ကြုံတွေ့နေကြရသည်။

Most read this week

ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...
ဓာတ်ပုံ - CJ
August 22, 2026
မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ကရင်ပြည်ရှိ ဘားအံမြို့အပါအဝင်...
ဓာတ်ပုံ – MOI
August 21, 2026
စစ်အုပ်စုတပ်၏ တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏ ထိုင်းခရီးစဉ်အတွင်း နှစ်နိုင်ငံ...