မွန်ပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားရေးက စာရင်းကောက်

မွန်ပြည်နယ်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားရေးက စာရင်းကောက်

မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို စစ်ကောင်စီခန့် မွန်ပြည်နယ် တရားလွှတ်တော်က စာရင်းကောက်ယူသွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက် စာရင်းကောက်ယူနေရာမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုအမျိုးအစား၊ ပြစ်ဒဏ်ကျခံနေရတဲ့ ထောင်ဒဏ်နှစ်အရေအတွက်အပါအဝင် ကိုယ်ရေးအချက်အလက်တွေကအစ ကောက်ယူသွားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို တရားရေးဘက်ကပါ စာရင်းကောက်ယူမှုတွေ လုပ်ဆောင်နေတဲ့အတွက် အကျဉ်းသူ၊ အကျဉ်းသားတွေကြား စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။

အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကတော့ တရားရေးဌာနဖက်က စာရင်းကောက်ယူမှုဟာ အရင်က ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအနေနဲ့ ပြစ်ဒဏ်နည်းနေရင် ပြန်လည်စိစစ်ပြီး ပြစ်ဒဏ်ထပ်တိုးဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်နယ်တရားသူကြီးက စစ်ဆေးတယ်ဆိုတာက အဓိကတော့ တချို့ ပြစ်ဒဏ်တွေက ဟိုအရင် မော်လမြိုင်တရားရုံးက ချထားတဲ့ ပြစ်ဒဏ်တွေက ပြစ်ဒဏ်နည်းနေရင် ပြန်လည်စိစစ်ပြီးတော့ ပြစ်ဒဏ်ထပ်တိုးတာတို့ ဘာတို့လုပ်ဖို့ အစီအစဉ်ရှိတာပေါ့နော်။ ရှင်းရှင်းပြောရင် နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေါက်နီးတဲ့သူတွေကို ပြန်မလွှတ်ချင်တဲ့ပုံစံမျိုး သွားနေတဲ့သဘောပေါ့နော်။ သူတို့ ပုဒ်မတွေ ကပ်လို့ရရင် ကပ်မယ်။ တိုးလို့ရရင် တိုးမယ့်စနစ် ရည်ရွယ်ချက်နဲ့ လုပ်နေတာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီခန့် မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး ဦးဆောင်တဲ့ တရားရုံးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း မော်လမြိုင်အချုပ်ထောင်ထံ လာရောက်စစ်ဆေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီလို လာရောက်စစ်ဆေးစဉ် နိုင်ငံရေးပုဒ်မတွေနဲ့ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေကို ဦးစားပေး မေးမြန်းတာတွေရှိကြောင်း သံလွင်တိုင်းမ်က စုံစမ်းသိရှိရပေမယ့် ပြည်နယ်တရားရေးဌာနဘက်က ဘာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို စာရင်းကောက်ယူတာလဲဆိုတာ မသိရသေးပါဘူး။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေသူတွေကို အမည်၊ အသက်၊ ပညာရေးအရည်အချင်း၊ ကျန်းမာရေးကောင်း/မကောင်းအပါအဝင် ကိုယ်ရေးအချက်အလက် အသေးစိတ် လိုက်လံကောက်ယူခဲ့ပါသေးတယ်။

စစ်ကောင်စီက အကျဉ်းသားတွေအပေါ် အချက်အလက် ကောက်ယူနေတာဟာ နိုင်ငံရေးအကျိုးအမြတ် ရှာဖွေတဲ့နေရာမှာ အသုံးပြုတာ ဒါမှမဟုတ် အကျဉ်းသားတွေကိုတော့ စစ်မှုထမ်းခိုင်းဖို့ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီသူတွေက သုံးသပ်ထားပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရသူ လူပေါင်း ၁,၂၀၀ ထက်မနည်းရှိနေပြီး အဲဒီထဲမှာ အများစုကို စစ်ကောင်စီဘက်က ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချထားတာ ဖြစ်ပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...