မသန်စွမ်းဘဝတွေ အဆိုးဝါးဆုံးအခြေအနေ ရောက်လာ

မသန်စွမ်းဘဝတွေ အဆိုးဝါးဆုံးအခြေအနေ ရောက်လာ
Photo: CJ
Photo: CJ

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၄ နှစ်နီးပါးကာလအတွင်း မသန်စွမ်းသူတွေဟာ ကျန်းမာရေးနဲ့ စားဝတ်နေရေးကအစ အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီလို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောလာပါတယ်။

နိုင်ငံ့လူဦးရေရဲ့ ၁၃ ရာခိုင်နှုန်းနီးပါးရှိတဲ့ မသန်စွမ်းသူတွေဟာ အာဏာသိမ်းကာလအတွင်း စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းကအစ ဆုံးရှုံးလာတဲ့အတွက် အသက်ရှင်နေထိုင်ဖို့ပင် အခက်ကြုံနေရပါတယ်။

အရင်က မသန်စွမ်းသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို မိသားစုဝင်တွေနဲ့ ကူညီဆောင်ရွက်ပေးသူတွေက လုပ်ဆောင်ပေးခဲ့ပေမယ့် အာဏာသိမ်းမှု နောက်ဆက်တွဲ စီးပွားရေး အကျပ်အတည်းတွေကြောင့် စားဝတ်နေရေးကိုသာ ဦးစားပေးလုပ်ဆောင်နေရတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်တော့တာပါ။

ဒါ့အပြင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်ကြီးမြင့်နေတာ၊ ပုံမှန်သောက်နေကြဆေးဝါးတွေ လုံးဝပြတ်လပ်ပြီး ဝယ်ယူလို့မရတာအပြင် ဝင်ငွေ/ထွက်ငွေ မမျှတမှုကြောင့် အရင်လို ဆေးကုသဖို့ အခက်အခဲရှိလာကြပါတယ်။

မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတစ်ဦးကတော့ လက်ရှိကာလမှာ မသန်စွမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံးအနေအထားကို ရောက်ရှိသွားပြီး လည်စင်းခံရမယ့်ဘဝတွေ ဖြစ်လာတယ်လို့ ပြောပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုက အခုအချိန်မှာ အဆိုးဆုံးအနေအထားကို ရောက်သွားပြီ။ ဆေးဝါးကုသဖို့ဆိုတာ မရှိတော့ရင် လည်စင်းခံရတဲ့ဘဝလို ဖြစ်ကုန်တာလေ။ ဟိုဆေးမကုနိုင်လို့ သေသွားတယ်လို့ တိုက်ရိုက်ပြောလို့မရပေမယ့် အဲဒီလိုသဘောမျိုး အများကြီးဖြစ်သွားပြီ။ စားဝတ်နေရေး ဘက်စုံမှာက လိုသွားတာကိုး။ မသန်စွမ်းတွေရော တူတူပဲပေါ့။ မသန်စွမ်းတဲ့သူလည်း အတူတူပဲဆိုပေမယ့် သန်စွမ်းတဲ့သူကမှ နောက်ဆုံးထွက်ပေါက်လေး ရအောင်ရှာပြီးတော့ ရုန်းထွက်လို့ ရနိုင်တာပေါ့။ မသန်စွမ်းကျတော့ ပိုဆိုးတာပေါ့။ အဲဒီလိုမျိုးဖြစ်တာပေါ့” လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်က ပြဌာန်းခဲ့တဲ့ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ မသန်စွမ်းသူတွေကို နိုင်ငံတော်က အထူးစောင့်ရှောက်ဖို့နဲ့ အလုပ်မလုပ်နိုင်တဲ့ မသန်စွမ်းသူတွေကို ထောက်ပံ့ငွေ ပေးအပ်ရမယ်လို့ ပြဌာန်းထားပါတယ်။

ဒါ့အပြင် မသန်စွမ်းသူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းကအစ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို ဌာနဆိုင်ရာတွေအပါအဝင် အဖွဲ့အစည်းအသီးသီးက အထူးအလေးထား ဆောင်ရွက်ရမယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ မသန်စွမ်းသူတွေရဲ့ ထောက်ပံ့ငွေတွေရရှိခြင်း မရှိတော့သလို ဥပဒေအရ ပြဌာန်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်အတွက်ပါ ဆုံးရှုံးနေရပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ MCERP ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသက မသန်စွမ်းသူတွေဟာ ဆေးမကုနိုင်တာ၊ အစာရေစာပြတ်လပ်မှုကြောင့် သေဆုံးတာတွေ ရှိလာတယ်လို့ ပြောပါတယ်။

“သူတို့ စစ်ဘေးရှောင်ရတဲ့ကာလမှာမှ နေမကောင်းလို့ရှိရင် ဒီဟာကို ကျန်းမာရေးဝန်ဆောင်မှုတွေရဖို့ဆိုတာ တော်တော်မလွယ်ဘူး။ နောက်ပြီးတော့ ဆေးဝါးတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားတာတွေများတာကိုး။ ကျွန်တော်တို့ ပြီးခဲ့တဲ့တစ်လလောက်ကတောင် သတင်းရတယ်။ ချင်းပြည်နယ်ဘက်မှာ မသန်စွမ်းသူ ၅ ယောက်လောက် သေသွားတာ။ အစာမရှိဘူး။ စားစရာမရှိဘူး” လို့ ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာရှိနေတဲ့ မသန်စွမ်းသူ ၆ သန်းကျော်ဟာ အာဏာသိမ်းကာလအတွင်း အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အဲဒီအထဲက တစ်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဒီဇင်ဘာလ ၃ ရက်နေ့က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့မှာ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ မသန်စွမ်းသူတွေဟာ စစ်ကောင်စီတပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်တာနဲ့ ဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုတွေ ခံနေရတယ်လို့ ကုလသမဂ္ဂ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အစည်းအဝေးတစ်ရပ်မှာ တင်ပြခဲ့ပါတယ်။

မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေရဲ့ အဆိုအရ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မသန်စွမ်းသူဦးရေ အများအပြားမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

Most read this week

Photo credit - social media
December 4, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကော့ထင်းကျေးရွာမှာ စစ်ကော်မရှင် ရွေကောက်ပွဲ ဆန့်ကျင်ရေး...
Photo credit - social media
December 3, 2025
အာဏာသိမ်း စစ်တပ် ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေး ပဋိပက္ခပြသနာတွေကို...
photo credit - CJ
December 2, 2025
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့်...
Photo credit - MOI
December 1, 2025
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းအတွက်...