ဖားကန့်မြို့နယ်ထဲ စက်သုံးဆီရှားပါးပြီး စျေးမြင့်တက်နေပေမယ့် ကျောက်စိမ်းကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်နေဆဲ

ဖားကန့်မြို့နယ်ထဲ စက်သုံးဆီရှားပါးပြီး စျေးမြင့်တက်နေပေမယ့် ကျောက်စိမ်းကုမ္ပဏီတွေ လုပ်ငန်းလည်ပတ်နေဆဲ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းမှာ ယခုသီတင်းပတ်တွေအတွင်း စက်သုံးဆီတွေရှားပါးနေပြီး စျေးနှုန်းအဆမတန်မြင့်တက်နေပေမယ့် ကျောက်စိမ်းတူးဖော်တဲ့လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

“လုပ်ငန်းတွေက လုပ်နေကြတာပဲလေ၊ ကုမ္ပဏီက ကုမ္ပဏီလေ၊ မတူဘူး၊ သူတို့က လမ်းကြောင်းရှင်းတတ်တယ်လေ၊ လိုသလိုရတယ်၊ သူတို့ (ကျောက်စိမ်းကုမ္ပဏီ) တွေက ပြည်သူတွေပဲ အစစအရာရာ ခံဘက်က” ဟု ဖားကန့်မြို့တွင်းနေထိုင်သူတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

 ဒေသအတွင်းမှာ စက်သုံးဆီတစ်ဂါလံကို ကျပ်၈၅,၀၀၀ (ရှစ်သောင်းခွဲ) ဖြင့် ဝယ်ယူနေကြရပြီး မော်တော်ကားတစ်စီးက တစ်ကြိမ်ဝယ်ယူလျှင် ကျပ်တစ်သိန်းဖိုး (တစ်ဂါလံကျော်) သာ စက်သုံးဆီဆိုင်များက ရောင်းချပေးခြင်းရှိတယ်လို့ ဆိုပါတယ်။

ကျောက်စိမ်းတူးဖော်တဲ့ ကုမ္ပဏီအများစုက စက်သုံးဆီအမြောက်အများ စုဆောင်းသိုလှောင်ထားခြင်းတွေအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များနဲ့ စပ်တူလုပ်ငန်း လုပ်ကိုင်နေကြခြင်းများရှိနေကြောင်း သိရပါတယ်။

“ဒီကပ်ကျော်လမ်းကနေ ယမ်းဖောင်ကားတွေ ၁၃ စီးလောက် ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဖြတ်သွားတယ်။ ဆီပေပါ ရာနဲ့ချီ သယ်သွားတယ်။ လမ်းကြောင်းတွေက ရှင်းလို့ပေါ့၊ ပြည်သူတွေပဲ ဒီဒဏ်ကိုခံရတာ။ ကျောက်တို့၊ ရွှေတို့ ဒီလုပ်ငန်းရှင်တွေကတော့ လမ်းရှင်းပြီးသွားနေကြတာ” လို့ မိုးညှင်းဒေသခံတစ်ဦးက ဆိုပါတယ်။

ဖားကန့်မြို့နယ်အတွင်းကို စက်သုံးဆီများသယ်ယူရာမှာ ဒေသအတွင်းကိုရောက်ရှိနိုင်ဖို့ လမ်းခရီးပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ၊ KIA+PDF တပ်ဖွဲ့များတို့ရဲ့ စစ်ဆေးရေးဂိတ် (၅) ခုထက်မနည်းတို့ကို အခွန်ပေးဆောင်ရခြင်းတို့အပြင် တရုတ်နယ်စပ်လမ်းများ ပိတ်ပင်ထားမှုကြောင့်လည်း စက်သုံးဆီစျေးနှုန်း ကြီးမြင့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့တစ်မြို့ကလွဲပြီး ကျန်မြို့များသို့ စက်သုံးဆီတင်သွင်းခွင့် စစ်ကောင်စီရပ်ဆိုင်းခဲ့ပြီး ကချင်ပြည်နယ်နှင့် ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းကနေ မော်တော်ဆိုင်ကယ်များဖြင့် ဖားကန့်မြို့နယ်အပါအဝင် ကချင်ပြည်နယ်တစ်ခုလုံးကို  ဖြန့်ဖြူးသယ်ယူရောင်းချနေကြတာလည်းဖြစ်ပါတယ်။

March 27, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စက်သုံးဆီသုံးယာဉ်များဖြစ်တဲ့...
March 26, 2026
တအာင်း(ပလောင်)တပ် (TNLA) က စစ်တပ်ထံကို ပြန်အပ်ခဲ့တဲ့ မိုးကုတ်မြို့နယ်ထဲမှာ NUG လက်အောက်က PDF...
March 25, 2026
လေယာဉ်ဆီအခက်အခဲတွေကြောင့် မြန်မာနိုင်ငံအတွင်း ပြေးဆွဲနေကြတဲ့ MAI နဲ့ MNA လေကြောင်းလိုင်း တို့က...
March 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့မှာ စစ်ကော်မရှင်တပ်တွေနဲ့ KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေကြားမှာ...