ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်ပြီး မြစ်ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွား

ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်ပြီး မြစ်ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွား
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ချောင်းများ ရေကြီးရေလျှံမှုကြောင့် ကျေးရွာအချို့တွင် ရေနစ်မြှုပ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၄ ရက်နေ့ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့တစ်မြို့လုံး ရေနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပြီး တိုက်နယ်ဆေးရုံနှင့် စာသင်ကျောင်းများပါ ရေနစ်မြှုပ်မှုထဲတွင် ပါဝင်ခဲ့ကာ ယနေ့တွင်မူ လမ်းမများပေါ်မှ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံတစ်ဦးက “မနေ့က နေ့လယ် ၁၂ နဲ့ ၃ နာရီကြားမှာ ချက်ချင်းတိုးဝင်လာတာ လမ်းကြားတွေရော အကုန် ရေလိုင်းလုံးကြီးနဲ့ အကုန်ဝင်တာ ညနေတော့ နည်းနည်းပြန်ကျသွားတယ်ပြောတယ်” ဟု ပြောသည်။

ရေကြီးမှုကြောင့် လူနေအိမ်များ၊ ဆေးရုံနှင့် စာသင်ကျောင်းများအတွင်းသို့ ရုတ်တရက် ရေဝင်ရောက်လာမှု ကြောင့် လမ်းပိုင်းအားလုံး ပိတ်ဆို့သွားခဲ့ပြီး ဒေသခံများမှာ သွားလာရေး အခက်အခဲများ ကြုံတွေ့နေကြသည်။

လက်ရှိတွင် ရေကြီးမှုကြောင့် ထိခိုက်သေဆုံးမှု မရှိသေးသော်လည်း ရေအတက်အကျ မြန်ဆန်နေမှုကြောင့် စိုးရိမ်ရသည့် အနေအထားတွင် ရှိနေသည်။

နမ့်တောဒေသခံတစ်ဦးက “လမ်းပေါ်တော့ မရှိတော့ဘူး။ ရွာပေါ်တက်တဲ့ ရေက နမ့်ရိမ်၊ နမ့်ဖယ်ချောင်း တောင် ကျရေတွေ ဖြစ်တာ၊ ဥရုရေကတော့ တိုးနေတုန်း။ ဥရုချောင်းရေက အပြည့်ပါပဲ” ဟု ပြောသည်။

ဩဂုတ်လ ၅ ရက်နေ့ (ယနေ့) နေ့လယ်ပိုင်းအထိ မိုးသည်းထန်စွာ ရွာသွန်းနေဆဲဖြစ်ပြီး ဟုမ္မလင်း-နမ့်တော-နန့်စက် လမ်းမကြီးပေါ်တွင် ရေနစ်မြှုပ်နေဆဲနေရာများလည်း ရှိနေသေးသည်။

ထို့ပြင် ဟုမ္မလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ဩဂုတ်လ ၅ ရက်နေ့တွင် မိုင်းဝယ် ကျေးရွာအုပ်စု၊ မော်ရုံမြိုင်ကျေးရွာအတွင်း စီးဆင်းနေသည့် နမ့်ခွဲတဲချောင်း ရေကြီးသဖြင့် နေအိမ်အချို့ ရေထဲမျောပါသွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အလားတူ ဗန်းမောက်မြို့နယ်တွင်လည်း ချောင်းကြီးချောင်းမှတစ်ဆင့် နမ့်ကျင်နှင့် နမ့်ဆန်းချောင်းများမှ အရှိန်အဟုန်ဖြင့် တိုးဝင်လာသော ရေလှိုင်းများကြောင့် ငါးဖော့တင်လာသည့် စက်လှေ ၂ စီးနှင့် နှစ်လုံးထုံး ဟွန်ဒါတစ်စီး ရေနစ်မြှုပ်တိမ်းမှောက်ခဲ့ရသည်။

လတ်တလော မိုးသည်းထန်စွာ ရွာသွန်းနေမှုအခြေအနေများကြောင့် ကချင်ပြည်အတွင်းရှိ ဖားကန့်၊ မိုးညှင်း၊ မိုးကောင်းနှင့် နမ္မတီးဒေသများရှိ နေရာအများအပြားတွင်လည်း ရေကြီးမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များမှ ကုန်းမြင့်ပိုင်းသို့ ရွှေ့ပြောင်းရမှုများလည်း ရှိနေသည်။

ဓာတ်ပုံ - ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)

Most read this week

တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။
August 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် တည်ရှိသည့်...
July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...
July 17, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး...