ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး လန်ဆယ် ခရီးစဉ်အတွင်း ဖျားနာပြီးကွယ်လွန်

ရဝမ် တိုင်းရင်းသားရေးရာဝန်ကြီး လန်ဆယ် ခရီးစဉ်အတွင်း ဖျားနာပြီးကွယ်လွန်
ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း
ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း

ကချင်ပြည်နယ် ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးချန်းဂျော်ရမ် လန်ဆယ်ဒေသခရီးစဉ်မှာ ဖျားနာပြီး နိုဝင်ဘာလ ၂၇ ရက်ညမှာ ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

ဦးချန်းဂျော်ရမ် (ခ) ချန်းဆင်ဇီမှာ နေမကောင်းသည့်ကြား လန်ဆယ်ဒေသရှိ ရဝမ် မျိုးနွယ်စုများနှင့်တွေ့ဆုံရန် လိုက်ပါရင်း လန်ဆယ်ဒေသမှာပဲ ကွယ်လွန်သွားတာလို့ သူနဲ့ရင်းနှီးသူ ကိုဖေနောင်းအောင် က ပြောပြပါတယ်။

“သူကအထူးသဖြင့် ကျနော်တို့ ပူတာအိုဒေသအတွက်အများကြီးကြိုးစားနေသူ ဟုတ်တယ်။ အခုဒီခရီးစဥ်မှာလည်းပဲ သူက နေမကောင်းတဲ့ကြားထဲကပေါ့လေ လန်ဆယ်ဒေသက ကိုယ့်အမျိုးတွေနဲ့ဒီတိုင်း ညှိနှိုင်းတိုင်ပင်စရာလေးရှိလို့ သူကိုယ်တိုင် သွားလိုက်တာဟုတ်တယ်။ သူကလန်ဆန်ရောက်ကတည်းက နေမကောင်းခဲ့ ဘူးပေါ့လေ အဲ့လိုနဲ့ အခြေနေကပိုဆိုးလာတော့ ဌာနချုပ်ဘက်ကိုပြန်လာဖို့ ကြိုးစားနေရင်း အသက်ဆုံးသွား ရတာဟုတ်တယ်” လို့ ပြောပါတယ်။

ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF ဦးဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ်သူ ဦးချန်းဂျော်ရမ် ကွယ်လွန်သွားကြောင်း ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် အစောပိုင်းမှာပဲ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPF က သတင်း ထုတ်ပြန်ထားပါတယ်။

“ဦးဂျော်ရမ်က ကျနော်တို့ရဝမ်လူကြီးတွေထဲမှာ သူ့လိုလူက ရှားတာပေါ့လေ၊ သူကရဝမ်လူကြီးတွေထဲမှာ လူငယ်တွေကို ဦးစီး၊ ဦးဆောင်လုပ်ပြီး ကိုယ့်လူမျိုးကလည်း စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ အများကြီးပေးဆပ်ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ လူမျိုးအတွက် ဆုံးရှုံးမှုကြီးတစ်ခုပေါ့လေ။ ကျနော်တို့တပ်ဖွဲ့အတွက်လည်းကွက်လပ်ကြီးဖြစ်သွားတယ်၊ အရမ်းဝမ်းနည်းတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဦးချန်းဂျော်ရမ်နဲ့ ရင်းနှီးသူ ကိုဖေနောင်းအောင်က ပြောပါတယ်။

ဦးချန်းဂျော်ရမ်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ထွက်ပေါ်လာတဲ့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ကွယ်လွန်ချိန် အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးချန်းဂျော်ရမ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရဝမ်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဦးချန်းဂျော်ရမ်ဟာ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ မတိုင်ခင်ကာလ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ဖားကန့်မြို့နယ် ရဝမ် စာပေနှင့်ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ နဲ့ မြန်မာနိုင်ငံ ရဝမ်စာပေနဲ့ ယဉ်ကျေးမှုဗဟို ကော်မတီဝင်အဖြစ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...