မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့က နဘားရွာမှ ဇနီးမောင်နှံနှစ်ဦးသည် အင်းတော်နှင့် ကသာလမ်းပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားနေစဉ် သွားလာမိသဖြင့် တိုက်ပွဲကြားညှပ်ကာ လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့ရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံတစ်ဦးက “၃၀ ရက်နေ့မှာတော့ နဘားရွာက လင်မယားနှစ်ယောက် ပေါ့ နော်။ အင်းတော်နဲ့ ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်နေတဲ့အချိန် သွားမိလို့ တိုက်ပွဲကြားညှပ်ပြီးတော့ သေဆုံး သွားတယ်ပေါ့နော်” ဟု ပြောသည်။
ထို့နောက် ဇူလိုင်လ ၇ ရက်နေ့တွင် နဘားတိုက်နယ်၊ ကမ်းနီကျေးရွာထိပ်၌ လယ်လုပ်နေသည့် သားအဖနှစ်ဦး ဖြစ်သော အသက် ၄၀ ကျော်အရွယ် ဦးနေအောင်နှင့် အသက် ၇၀ ကျော်အရွယ် ဖခင်ဖြစ်သူ ဦးဂျာတို့သည် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရသည်။
အဆိုပါဒရုန်းအား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကိုမူ ယနေ့အထိ အတည်မပြုနိုင်သေးပေ။
အလားတူ ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း အင်းတော်မြို့နယ်၊ စီပိန်းကျေးရွာ၌ မိသားစုဝင် သားအမိ၊ သားအဖ သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။
၎င်းတို့သည် စီပိန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးတွင် ရှိနေစဉ် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်အုပ်စု လက်အောက်ခံ တပ်သားများက လှမ်းပစ်ခတ်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
“နောက်ပြီးကျတော့ ဇူလိုင်လ ၁၂ နေ့တုန်းကလည်း စီပိန်းရွာမှာ သားအမိသားအဖသုံးယောက်ကို စီပိန်းရွာ ဘုန်း ကြီးကျောင်းက စစ်သားတွေက ပစ်သတ်လိုက်တာတဲ့။ သူတို့ဘယ်ရွာကလည်းတော့အတိအကျမသိဘူး။ သူတို့ ကို ဘုန်းကြီးကျောင်းကနေလှမ်း ပစ်လိုက်တာသေသွားတယ်လို့ပဲသိရတယ်။”
ထို့ပြင် ဇူလိုင်လ ၁၀ ရက်နေ့တွင်လည်း မဲဇာ၊ လယ်နောင် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်တပ်က ပင်သချေကျေးရွာ ဘက်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပင်သချေ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် ကိုရင် ၃ ပါးနှင့် အရပ်သား ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။
ထိုနေ့ နံနက် ၇ နာရီဝန်းကျင်တွင်လည်း မော်လူးမြို့ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပုံးဟိုကျေးရွာ တွင် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ကလေးငယ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ရသော်လည်း လက်ရှိကျန်းမာရေး အခြေ အနေ အသေးစိတ်ကိုမူ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ယခုဖြစ်စဉ်များသည် မန္တလေး - မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့် အခြေအနေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် မော်လူး၊ နဘား၊ အင်းတော်နှင့် ကသာဘက်၌ တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပိတ်ဆို့နေသကဲ့သို့ ဒေသခံအရပ်သားများမှာလည်း တိုက်ပွဲကြားတွင် ပိတ်မိကာ အသက်ဆုံးရှုံးခြင်းနှင့် ထိခိုက် ဒဏ်ရာရရှိခြင်းများကို ဆက်လက်ကြုံတွေ့နေရသည်။
လက်နက်ကိုင်ပဋိပက္ခအတွင်း အရပ်သားများနှင့် စစ်ရေးပစ်မှတ်များကို ခွဲခြားရမည်ဟူသော အပြည်ပြည်ဆိုင် ရာ လူသားချင်းစာနာမှုဥပဒေ (International Humanitarian Law) ပါ စည်းမျဉ်းများအရ အရပ်သားများ၏ လုံခြုံရေးသည် အလွန်အရေးကြီးလှသည်။
လက်ရှိတွင် မော်လူးဒေသနှင့် အင်းတော် - ကသာ လမ်းပိုင်းအတွင်း စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေ ဆဲဖြစ်ပြီး၊ အရပ်သား သေဆုံးထိခိုက်မှုများနှင့် ပတ်သက်သည့် ဖြစ်စဉ်အသေးစိတ်ကို သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။







