ရှမ်းနီဒေသများတွင် နှစ်သစ်ကူးပွဲမကျင်းပနိုင်

ရှမ်းနီဒေသများတွင် နှစ်သစ်ကူးပွဲမကျင်းပနိုင်

ရှမ်းနီတိုင်းရင်းသားများနေထိုင်ရာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ နှစ်သစ်ကူးမကျင်းပနိုင်တာ ၂၀၂၀ ခုနှစ်ကတည်းကဖြစ်ပြီး ဒီနှစ်မှာလည်း ကျင်းပနိုင်မယ့်အနေအထားမှာမရှိဘူးလို့ ရှမ်းနီစာပေနှင့်ယဉ်ကျေးမှု ကော်မတီဆီကနေ သိရပါတယ်။

ရှမ်းနှစ် ၂၁၁၉ ခု နှစ်သစ်ကူး ကြိုဆိုပွဲတော် မကျင်းပနိုင်တာဟာ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လို့ မိုးညှင်းခရိုင် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ပြောရရင်တော့ နိုင်ငံရေးပါ့လေ ၊ နိုင်ငံရေးမတည်ငြိမ်တဲ့အခါကျတော့ ဘာလုပ်လို့ရမလဲ ၊ မိုးညှင်းကတော့ပုံမှန်ပေါ့ ၊ ဘုန်းကြီးကျောင်းငါးကျောင်းကို ဆွမ်းပို့တာပေါ့၊ ပျော်ပွဲတွေတော့ မလုပ်ဘူး ၊ အထိမ်းအမှတ်အနေနဲ့ပဲ လိုက်ပို့ (လိုက်ကန်တော့) တာ။ နိုင်ငံရေးအခြေအနေကြောင့်လို့ပဲ သုံးသပ်ချက်ပေးရမှာပေါ့၊ သွားရေးလာရေး စီးပွားရေးကစပေါ့ ဟိုဘက်ပိတ် ဒီဘက်ပိတ်နဲ့လေ” လို့ သူကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းက မိုးညှင်းမြို့နယ် ၊ မိုးကောင်းမြို့နယ် နဲ့ အင်းတော်ကြီးဒေသတွေက တချို့ကျေးရွာတွေမှာ အကျဉ်းချုံးပြုလုပ်ဖို့စီစဉ်ထားကြတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းက ဟုမ္မလင်းမြို့နယ် နဲ့ ဗန်းမောက်မြို့နယ်ထဲက ကျေးရွာတချို့မှာလည်း နှစ်သစ်ကူးပွဲတော်ကို အထိမ်းအမှတ်အဖြစ်သာ ရိုးရာမပျက်အကျဉ်းချုံးပြုလုပ်သွားဖို့ပြင်ဆင်နေကြတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူးပွဲ နဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲ ပြုလုပ်တာ စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်မှာ ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ရတာလည်း ဖြစ်ပါတယ်။  အလှည့်ကျကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းနီနှစ်သစ်ကူးပွဲနဲ့ ကောက်ဦးဆွမ်းကပ်လှူပွဲကို အင်းတော်ကြီးဒေသက တာဝန်ကျပေမယ့် တိုက်ပွဲနဲ့ နယ်မြေမငြိမ်သက်မှုတွေကြောင့် ဒီနှစ်အထိရပ်နားနေဆဲ ဖြစ်ပါတယ်။

ရှမ်းနှစ်သစ် ၂၁၁၉ ခုနှစ် ကူးပွဲတွေကို ရှမ်းနီဒေသအပါအဝင် ရှမ်းပြည်နယ်မှာလည်း ကျင်းပနိုင်ခြင်းမရှိတော့ပေမယ့် ထိုင်းနိုင်ငံ ၊ အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံအတွင်းရှိ ရှမ်းတိုင်းရင်းသားများကတော့ ပွဲတော်ကို စတင်ကျင်းပနေကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...
August 11, 2026
မန္တလေးမြို့သို့ စစ်ဘေးတိမ်းရှောင် ရောက်ရှိနေသည့် ဗန်းမော်မြို့မှ စစ်ဘေးရှောင်များကို...
August 11, 2026
ရေကြီးရေလျှံမှုဖြစ်ပွား၍ ရေဘေးသင့်နေသည်မှာ ရက်သတ္တပတ် ကြာမြင့်လာပြီဖြစ်သော စစ်ကိုင်းတိုင်း...
ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...