နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တစ်သိန်းကျော်အထိရှိလာ

နိုင်ငံတဝန်းမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တစ်သိန်းကျော်အထိရှိလာ

စစ်အာဏာသိမ်းမှု သုံးနှစ်‌ကျော်အတွင်း မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားနေအိမ်အလုံးပေါင်း ၁၀၅,၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့အစည်းဖြစ်တဲ့ Data for Myanmar က နိုဝင်ဘာ ၁၀ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။

အစီရင်ခံစာအရ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် အရပ်သားနေအိမ် ၁၀၁,၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ မေလအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ် ၃၈၄၀ အတွက် ကျူးလွန်တဲ့အဖွဲ့အစည်းတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းက နေအိမ်အလုံးပေါင်း ၇၃,၃၅၀ ကျော် ဆုံးရှုံးခဲ့ရလို့ တစ်နိုင်ငံလုံးရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့ အရပ်သားနေအိမ်စုစုပေါင်းရဲ့ ၆၉ ရာခိုင်နှုန်းကျော် ရှိပါတယ်။

ဒါ့အပြင် မကွေးတိုင်း ၊မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာလည်း နေအိမ်ပေါင်း ၂၆,၅၈၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ လက်နက်ကိုင်ခုခံတော်လှန်စစ်အားကောင်းတဲ့ နယ်မြေတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက အရပ်သားနေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် မြို့သိမ်းတိုက်ပွဲဆင်နွှဲတဲ့ မြို့ ရွာဒေသတွေနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ခံတဲ့ ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးတာတွေ လုပ်‌ဆောင်ခဲ့ပါတယ်။

တစ်ဘက်မှာ စစ်ကြောင်းထိုး မီးရှို့တာအပြင် လက်နက်ကြီး၊ လေကြောင်းနဲ့ စစ်သင်္ဘောတွေက ပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ရတယ်လို့ Data for Myanmar က ဆိုပါတယ်။

အချက်အလက်တွေအရ စစ်ကောင်စီနဲ့ လက်‌အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့မှုကြောင့် ၂၀၂၁ ခုနှစ်မှာ အရပ်သားနေအိမ် ၂,၁၀၀ ကျော်၊ ၂၀၂၂ ခုနှစ်မှာ ၄၆,၉၀၀ နီးပါး၊ ၂၀၂၃ ခုနှစ်မှာ ၃၁,၀၀၀ ကျော်နဲ့ အခုနှစ် ဩဂုတ်လကုန်အထိ ၂၁,၀၀၀ ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။

July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...