မော်လမြိုင်မြို့ရှိ နေအိမ်ခြံစည်းရိုးတွေကို တူညီဆေးရောင်သုတ်ရန် စစ်ကောင်စီညွှန်ကြား

မော်လမြိုင်မြို့ရှိ နေအိမ်ခြံစည်းရိုးတွေကို တူညီဆေးရောင်သုတ်ရန် စစ်ကောင်စီညွှန်ကြား
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အတွင်း နေထိုင်သူတွေအနေနဲ့ နေအိမ်ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ခြံစည်းရိုးတွေကို ဆေးသုတ်ရာမှာ တစ်မြို့လုံးကို သတ်မှတ်ထားတဲ့ အရောင်အနေနဲ့ ခြံစည်းရိုးကို မီးခိုးရောင်၊ ခြံစည်းရိုးအကာ မျက်နှာပြင်ကိုတော့ အဝါနုရောင်သုတ်ရမယ်လို့ နိုဝင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတာပါ။

ဒါ့အပြင် နေအိမ်အဆောက်အအုံနဲ့ ဝင်းနံရံတွေကိုလည်း သပ်ရပ်စွာထားရှိရမှာဖြစ်ပြီး ထုံး ဒါမှမဟုတ် ဆေး သုတ်ဖို့ ညွှန်ကြားထားသလို နေအိမ်အဆောက်အအုံကိုတော့ မိမိတို့နှစ်သက်တဲ့ အရောင်သုတ်နိုင်တယ်လို့ ဆိုပါတယ်။

နေအိမ်ရှေ့ မျက်နှာစာနဲ့ လမ်းနယ်နမိတ်အတွင်းမှာရှိတဲ့ မြက်တွေကို သန့်ရှင်းရေးလုပ်ရမှာဖြစ်ပြီး ဖော်ပြထားတဲ့ လုပ်ငန်းအားလုံးကိုတော့ သတ်မှတ်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ အပြီးလုပ်ဆောင်ရမယ်လို့ ညွှန်ကြားလာတာပါ။

မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဘက်က မြို့တော်သာယာလှပရေးလို့ အကြောင်းပြထားပေမယ့် ယတြာချေတာ ဒါမှမဟုတ် လုံခြုံရေးနဲ့ စီးပွားရေးပါတနာတွေ အဆင်ပြေဖို့ လုပ်ဆောင်တာဖြစ်နိုင်ပြီး စီးပွားရေး အဆင်မပြေသူတွေအတွက် အများကြီးအခက်အခဲဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“သူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း ယတြာတွေဘာတွေညာတွေ အဲဒီကိစ္စက နံပတ်တစ် ဦးစားပေး။ နံပတ်နှစ်က သူတို့ရဲ့ ပါတနာစီးပွားရေးသမားတွေအတွက် အဆင်ပြေဖို့ လုပ်ပေးတာရယ်။ နောက်တစ်ခုက လုံခြုံရေးအရပေါ့နော်။ ခြံစည်းရိုးတစ်ခုကို ကြည့်လိုက်လို့ရှိရင် ဘယ်အရာပဲဖြစ်ဖြစ် သိသာထင်ရှားစွာ မြင်နိုင်ရမယ့် အနေအထားမျိုးပေါ့။ ပိုက်ဆံမရှိတဲ့သူက ဘယ်လိုလုပ်မလဲ။ ဒါတွေကတော့ သက်သက် ဒါ လူရော စိတ်ရောပင်ပန်းအောင် ပညာပေးနေတယ်လို့ပဲ ကျွန်တော်တို့က ခံယူတာပေါ့” လို့ ဆိုပါတယ်။

အခုလိုစစ်ကောင်စီက ဖိအားပေးပြီး ခြံစည်းရိုးတွေကို တူညီအရောင်သုတ်ခိုင်းတာဟာ အရင်ခေတ်အဆက်ဆက်က မရှိခဲ့ဖူးသလို လက်ရှိအာဏာရှင်တွေရဲ့ သဘောအတိုင်း ပြည်သူတွေကို လိုက်လုပ်ခိုင်းတာဟာမဖြစ်သင့်ဘူးလို့ သူက ဝေဖန်ပါတယ်။

စစ်ကောင်စီရဲ့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး အဖွဲ့ကတော့ အခုလိုလုပ်ဆောင်ခိုင်းတာဟာ မော်လမြိုင်မြို့ဟာ မွန်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တာကြောင့် မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်စေဖို့အတွက်ဖြစ်တယ်လို့ အကြောင်းပြပါတယ်။

ဒါ့အပြင် မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်အောင် တည်ဆောက်ပြုပြင်တာနဲ့ မြို့တော်သန့်ရှင်းသာယာလှပရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာကြောင့်လည်း ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးဖို့ တိုက်တွန်းထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဟာ နေအိမ်အဆောက်အအုံနဲ့ ခြံ စည်းရိုးတွေ ဆေးသုတ်ဖို့ဆိုပြီး လမ်းမတန်းနေအိမ်တွေကို အဓိကဖြန့်ဝေတာတွေ ပြုလုပ်နေတာပါ။

မော်လမြိုင်မြို့ကို မြို့တော်အင်္ဂါရပ်နဲ့ညီအောင် လုပ်ဆောင်နေတယ်လို့ ပြောဆိုနေပေမယ့် လမ်းတွေ ပျက်စီးနေတာ၊ လမ်းမီးတွေ အချိန်မှန်မပေးနိုင်တာ၊ မီးပ္ပိုင့်တချို့ ပုံမှန်မီးမလင်းတာအပြင် အမှိုက်ကားတွေကအစ အရင်လိုလာရောက်တာ မရှိဘူးလို့ မြို့ခံတွေက ပြောကြပါတယ်။

August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...
 ဓာတ်ပုံ - (MOI)
August 24, 2026
မွန်ပြည်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စစ်အုပ်စု လက်အောက်ခံ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊...