စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အတည်ပြုရန်ရှိ

စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ အတည်ပြုရန်ရှိ
ဓာတ်ပုံ-ILO
ဓာတ်ပုံ-ILO

အာဏာသိမ်း စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့အတွက် ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် ILO ရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၃ Article 33 နဲ့ အရေးယူဖို့ အတည်ပြုနိုင်အောင် စာတမ်းတွေတင်ပြခိုင်းထားတယ်လို့ သိရပါတယ်။

ကမ္ဘာအလုပ်သမားများအဖွဲ့ချုပ် ILO ရဲ့ အုပ်ချုပ်မှုကော်မတီအစည်းအဝေးကို ဌာနချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အောက်တိုဘာ ၂၈ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး စစ်ကောင်စီကိုအရေးယူဖို့ နိုဝင်ဘာ ၆ ရက်နေ့မှာ စာတမ်းတင်ပြခိုင်းထားတာပါ။

အရေးယူသွားမယ့် လုပ်ငန်းစဉ် အသေးစိတ်အတည်ပြုချက်ကိုတော့ လာမယ့် ၂၀၂၅ ခုနှစ် နှစ်အလယ်မှာ ပြုလုပ်မယ့် အဖွဲ့ချုပ်ညီလာခံမှာ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

အလုပ်သမားအရေး ကူညီနေသူတစ်ဦးကတော့ စစ်ကောင်စီအပေါ် အရေးယူမှုဟာ ILO က ချမှတ်ထားတဲ့ အချက်အလက်တွေကို မလိုက်နာတာကြောင့်ဖြစ်ပြီး မြေပြင်မှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု အဆိုးဝါးဆုံး ဖြစ်ပေါ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူက ILO မှာ လက်မှတ်ထိုးထားတဲ့ အချက်အလက်တွေကို လိုက်နာအကောင်အထည်ဖော်မှုမရှိတဲ့အတွက် အရေးယူဖို့ ပြင်ဆင်တာပါ။ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ ဘာတွေလဲ ဆိုရင်တော့ အလုပ်သမား သမဂ္ဂတွေဖွဲ့ဖို့ဆိုလိုရှိရင် ဖွဲ့လာတဲ့ ခေါင်းဆောင်တွေကို ပစ်မှတ်ထားပြီးတော့ အကြောင်းအမျိုးမျိုးရှာပြီး အလုပ်ထုတ်တာတွေပါတယ်။ အချိန်ပိုတွေ အလွန်အကျွံ ခိုင်းတာတွေ၊ အိုတီတွေခိုင်းတာတွေ၊ တခြားခွင့်ရက်တွေ မှန်မှန်ကန်ကန် မရတာတွေ၊ ဒီလို ကိစ္စတွေက ပိုဖြစ်လာတာပေါ့။ ဟိုအရင်တုန်းကလိုပေါ့ ခုံသမာဓိကိုဝင်ပြီး အရေးဆိုတာတို့ တိုင်ကြားတာတို့ ယန္တရားတွေက တဖက်ကတော့ အရင်လောက် အားမကောင်းတော့ဘူး။ ဒါတွေကတော့ အဓိက ဖြစ်နေတဲ့ ပြဿနာတွေပေါ့”လို့ ဆိုပါတယ်။

လက်ရှိ အရေးယူသွားမယ့် ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်ရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၃ Article 33 အရ အာဏာသိမ်းစစ်ကောင်စီကို နည်းလမ်းနှစ်ခုနဲ့ အရေးယူနိုင်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောကြပါတယ်။

ပထမ နည်းလမ်းအနေနဲ့ UN ကုလသမဂ္ဂ အေဂျင်စီတွေက ထောက်ပံ့တဲ့ နည်းပညာတွေ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ၊ သံတမန်ရေးတွေကို ရပ်တန့်ပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒုတိယနည်းလမ်းအနေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှု ကျူးလွန်နေတဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာတရားရုံးကနေ ခုံရုံးတင်စစ်ဆေးပြီး ကျူးလွန်မှုအပေါ်မူတည်ကာ အရေးယူနိုင်သလို စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလည်း ရှိလာနိုင်ပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၀၀ ခုနှစ် စစ်အစိုးရလက်ထက်က ILO ဥပဒေ ပုဒ်မ ၃၃ နဲ့ ပထမအကြိမ် အရေးယူခံရဖူးပြီး အဲဒီအချိန်က မြန်မာစစ်တပ်ကို အစိုးရအဖြစ် အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ် တပ်အဖြစ်နဲ့သာ သတ်မှတ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

March 2, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာနဲ့ သစ်တိုကျွန်းကျေးရွာလမ်းပိုင်းတို့မှာ...
February 28, 2026
မွန်အမျိုးသမီးတွေအနေနဲ့ မွန်ပြည်နဲ့ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့မှာ နိုးကြားတက်ကြွစွာ...
February 27, 2026
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့...
February 26, 2026
ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း မောတောင်မြို့ကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်ဘက်က...