ဒုက္ခသည်ခေါ်ယူမှု အစီအစဉ်ပယ်ဖျက်ခံရမည်ကို စိုးရိမ်ကြောင်း ကရင်ဒုက္ခသည်များပြော

ဒုက္ခသည်ခေါ်ယူမှု အစီအစဉ်ပယ်ဖျက်ခံရမည်ကို စိုးရိမ်ကြောင်း ကရင်ဒုက္ခသည်များပြော

အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲအပြီး အသစ်တက်လာမည့် ဒေါ်နယ်ထရမ့် အစိုးရလက်ထက်တွင် မြန်မာဒုက္ခသည်များကို ခေါ်ယူသွားမည့် ယခင်အမေရိကန်အစိုးရ၏ အစီအစဉ်များ ပယ်ဖျက်ခံရမည်ကို စိုးရိမ်ကြောင်း အမေရိကန်ကို ထွက်ခွာရမည့် အစီအစဉ်တွင် ပါဝင်နေသည့် ကရင်ဒုက္ခသည်များက ပြောသည်။

နိုဝင်ဘာလ ၆ ရက်နေ့က ရလဒ်ထွက်ပေါ်ခဲ့သည့် အမေရိကန် နိုင်ငံ၏ ရွေးကောက်ပွဲရလဒ်တွင် ရီပတ်ဘလစ်ကန် ပါတီမှ မဲအပြတ်အသတ်ဖြင့် ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ပြီးနောက် သမ္မတ နှင့် အစိုးရ အပြောင်းအလဲကြောင့် မြန်မာဒုက္ခသည်များ ခေါ်ယူမည့်အစီအစဉ် ပယ်ဖျက်ခံရနိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ပြောဆို သုံးသပ်မှုများထွက်ပေါ် လာသည့်အပေါ် စိုးရိမ်မိကြောင်း အစီအစဉ်တွင် ပါဝင်နေသည့် အုန်းဖျန် ဒုက္ခသည် စခန်းက အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“တကယ်လို့ ပယ်ဖျက်လိုက်တာမျိုး တကယ်ဖြစ်လာရင် ကျမတို့အတွက် အရမ်းခက်ခဲလာလိမ့်မယ်။ ကျမတို့က မျှော်လင့်ချက်တွေကော ကြိုတင်စဉ်းစားထားတာတွေကောရှိတယ်။ ဒုက္ခသည်တွေအတွက် အခွင့်အရေးလည်း ဆုံးရှုံးနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ စခန်းထဲမှာနေရင် ဘယ်မှလည်းသွားလာလို့မရဘူး။ အပြင်ထွက်လို့လည်း မရ အလုပ်အကိုင်ကလည်း မရှိကြဘူးလေ။” ဟု ကေအိုင်စီသို့ ပြောသည်။

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်သည် လူ့အခွင့်အရေးကိစ္စကို ဦးစားပေးမည်မဟုတ်ဘဲ မြန်မာ ဒုက္ခသည်များ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုမည့် ကိစ္စများကိုပါ ဖျက်သိမ်းဖွယ်ရှိသည်ဟု အာရှလူ့အခွင့်အရေးနှင့် အလုပ်သမားရေးရာ အကြံပေးအဖွဲ့၏ ညွှန်ကြားရေးမှူး Phil Robertson ပြောဆိုချက်ကို ကိုးကားပြီး The Nation သတင်းစာက နိုဝင်ဘာလ ၈ ရက်နေ့က ဖော်ပြရေးသားလာခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကစပြီး ထိုင်းနယ်စပ်တလျှောက် ဒုက္ခသည်စခန်းတွင် နှစ်ရှည်နေထိုင်သူများကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းအစိုးရအာဏာပိုင်ဘက်မှ လူဦးရေ ပြန်လည်စိစစ် အတည်ပြုသည့် လုပ်ငန်းစဉ်များလုပ်ဆောင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ခေါ်ယူမည့် အစီအစဉ်ကို ဘမ့်ဒုံယမ်းနှင့် ထမ့်မဟင် ဒုက္ခသည်စခန်းနှစ်ခုတွင် စတင်လုပ်ဆောင်ခဲ့သည်။

ထို့နောက် ဘမ့်ဒုံယမ်းနှင့် ထမ့်မဟင်ဒုက္ခသည်စခန်းအပါအဝင် အုန်းဖျန် ဒုက္ခသည်စခန်းလည်း ပါဝင်လာခဲ့ပြီး ဒုက္ခသည်များကို ခိုလှုံခွင့်ပေးသည့်အစီအစဉ်ထဲတွင် အမေရိကန်ပြည်ထောင်စုတစ်ခုတည်းသာ ပါဝင်သေးသည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း ဒုက္ခသည်အရေးကိစ္စနှင့် ပတ်သက်၍ ၂၀၂၄ ခုနှစ် ထဲတွင် တစ်ကမ္ဘာလုံး ရှိ ဒုက္ခသည်ဦးရေ (၁၂၅,၀၀၀) ကျော်ကို ခေါ်ယူမည်ဟု ပြောဆိုထားကာ ထိုအထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခ သည်များလည်း ပါဝင်ကြောင်း သိရသည်။

သို့သော် အမေရိကန်ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် ရလဒ်နှင့်သမ္မတလောင်း ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေး ကာလအတွင်းပြောဆိုထားချက်များအပေါ် ကိုးကားပြီး ဒုက္ခသည်ခေါ်ယူရေးအစီအစဉ်များ ပယ်ဖျက်ခံ ရနိုင်ကြောင်း ယူဆချက်များ ထွက်ပေါ်လာခဲ့ခြင်းလည်းဖြစ်သည်။

အုန်းဖျန် ဒုက္ခသည်စခန်းတွင်နေထိုင်သူ နောက်ထပ် အမျိုးသမီးတစ်ဦးကလည်း “ကျမက စခန်းထဲမှာ နေလာတာအနှစ် ၁၀ နှစ်ကျော်အနှစ် ၂၀ လောက်ရှိတော့မယ်။ ဒီတတိယ နိုင်ငံသွားဖို့ အတွက်လည်း မျှော်လင့်ထားတယ်။ အခုသွားဖို့ အတွက်လည်း တင်ထားတယ်။ အကယ်၍ မဖြစ်လာခဲ့ရင်တော့လည်း ဒါက ကိုယ်လုပ်ယူလို့မှ မရတာ။ ဒါကလည်း သူတို့ အစီအစဉ်လေး ကိုယ့်အစီအစဉ်မှမဟုတ်တာ။ စိတ်ပိုင်းဆိုင်ရာတော့ ထိခိုက်မိမှာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလို အစီအစဉ်အပေါ် သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် ပယ်ဖျက်နိုင်ခြင်း ရှိ၊မရှိ တရားဝင် ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးသလို အစီအစဉ်အပေါ် လုံးဝပယ်ဖျက်သွားခြင်းထက် ယခင်မျှော်မှန်းထားသည့် အချိန်ထက် နှောင့်နှေးသွားနိုင်မည်သာ ယူဆကြောင်းလည်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

ထိုင်းနိုင်ငံနယ်စပ် ဒုက္ခသည် စခန်းအတွင်းရှိ  မြန်မာဒုက္ခသည်ခြောက်သောင်းခန့်ကို အမေရိကန် နှင့် အခြား တတိယ နိုင်ငံများတွင် ရွှေ့ပြောင်းနေထိုင်ခွင့်ပေးပြီး ဒုက္ခသည်စခန်းများကို ပိတ်သိမ်းရန် ထိုင်းအစိုးရအနေဖြင့် လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်သည့် အမေရိကန် အစိုးရနှင့် သဘောတူထားမှုများရှိကြောင်းလည်း The Nation သတင်းက ဖော်ပြပါရှိသည်။

“ကျနော်တို့ ဒုက္ခသည်စခန်းကိုတော့ ဘားမှမပြောလာပါဘူး။ အရင်သွားနေတဲ့ Process အတိုင်း ဆက်သွားနေတယ်။ လူစစ်တာ၊ သင်တန်းပေးတာမျိုး UNHCR ရဲ့ လုပ်ငန်းစဉ်အတိုင်းပဲ ဆက်သွားနေတုန်းပဲ။ ဒါပေမဲ့ လာမဲ့ရက်ပိုင်းထဲမှာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ အစည်းအဝေး တစ်ခုတော့ရှိတယ်။ အဲ့မှာတော့ ဘာတွေ သိရမလဲတော့ မသိသေးဘူး”ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက ကေအိုင်စီ သို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုရှိပြီး လူဦးရေ တစ်သိန်းနီးပါး ခိုလှုံလျက်ရှိသည်ဟု သိရသည်။

January 28, 2026
ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်မြေထဲတွင် ကျားဖြန့် အွန်လိုင်း ငွေလိမ်လုပ်ငန်းအတွက် အဆောက်အဦသစ်များ...
Photo credit- เอก เกียรติศักดิ์ แม่สอด
January 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာတွင် ယမန်နေ့ ဇန်နဝါရီ(၂၆)ရက်နေ့က မြန်မာဘက်...
January 26, 2026
မဲဆောက်မြို့၊ မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက...
Photo: KNA
January 24, 2026
ကရင်နယ်ခြားစောင့်တပ်-BGF အသွင်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော်-KNA တပ်ဖွဲ့များကို...