တစ်နှစ်အတွင်း မွန်အမျိုးသားကောလိပ်နှင့် နိုင်ငံတကာတက္ကသိုလ် လေးခု MOU လက်မှတ်ထိုးရန်ရှိ

တစ်နှစ်အတွင်း မွန်အမျိုးသားကောလိပ်နှင့် နိုင်ငံတကာတက္ကသိုလ် လေးခု MOU လက်မှတ်ထိုးရန်ရှိ
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ်  ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်
အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ် MOU လက်မှတ် ရေးထိုးနိုင်ရေး ဆွေးနွေးနေကြစဉ် ပုံခရက်တစ် - မွန်အမျိုးသားကောလိပ်

မွန်အမျိုးသားပညာရေးကော်မတီ MNEC လက်အောက်ရှိ မွန်အမျိုးသားကောလိပ်အနေဖြင့် ၂၀၂၄ ခုနှစ်တစ်နှစ်အတွင်း နိုင်ငံတကာတက္ကသိုလ်လေးခုနှင့် အဆင့်မြင့်ပညာရေးပူးပေါင်းရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်ဟု ကောလိပ်တာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်အမျိုးသား ကျောင်းသူ၊ ကျောင်းသားများ နိုင်ငံခြားတက္ကသိုလ်တို့တွင် ပညာဆက်လက်သင်ယူနိုင်ရန်အတွက် မွန်အမျိုးသားကောလိပ်ကို ရည်ရွယ်ဖွင့်လှစ်ခဲ့ပြီးနောက် နိုင်ငံတကာတက္ကသိုလ်များနှင့် အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်တိုက်ကြိုးပမ်းလာခဲ့သည်။  

အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်ရန် မွန်အမျိုးသားကောလိပ်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်၊ Rajabhat တက္ကသိုလ်နှင့် အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်တို့နှင့် အဆင့်မြင့်ပညာရေးပူးပေါင်းမှု နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်ထားသည်။

လက်ရှိတွင် မွန်အမျိုးသားကောလိပ်အနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးထားခဲ့ပြီးဖြစ်သည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်နှင့် MOU လက်မှတ် ရေးထိုးသွားမည်ဟု မွန်အမျိုးသားကောလိပ် ကျောင်းအုပ် ဒေါက်တာ ပညာမွန်က ပြောသည်။

“ထိုင်းနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေနဲ့ရော၊ တခြားနိုင်ငံက တက္ကသိုလ်တွေနဲ့ MOU လက်မှတ်ရေးထိုး နိုင်ဖို့ ကျနော်တို့ကတော့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ မွန်အမျိုးသားကောလိပ်အနေနဲ့ နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာရေးပူးပေါင်းမှုတွေ ဖြည်းဖြည်းချင်း လုပ်ဆောင်လာနေတယ်။ ဒါကြောင့် MOU တွေ တစ်ခုပြီးတစ်ခု ရေးထိုးလာနိုင်မယ်လို့ ယုံကြည်ပါတယ်။ လောလောဆယ် တက္ကသိုလ်တစ်ခုနဲ့တော့ MOU လက်မှတ် ရေးထိုးနိုင်ခဲ့ပြီ။ ဒီနှစ်အတွက်က တက္ကသိုလ် ၃ ခုနဲ့ MOU လက်မှတ် ထပ်ထိုးသွားဖို့ စီစဉ်ထားတယ်။ နောက်နှစ်တွေဆိုရင် ဒီထက်မက ပိုများလာဖို့ ရှိတယ်” ဟု ဒေါက်တာ ပညာမွန်က ပြောသည်။

၎င်းပြင် လာမည့် ဒီဇင်ဘာလ ဒုတိယအပတ်၌လည်း ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်နှင့်လည်း နားလည်မှုစာချွန်လွှာ MOU လက်မှတ် ရေးထိုးရန် စီစဉ်ထားသည်ဟု ဆိုသည်။

အလားတူ မွန်အမျိုးသားကောလိပ် တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ် တာဝန်ရှိသူတို့ ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ပြီး MOU လက်မှတ်ရေးထိုးရန် ပြင်ဆင်လျက်ရှိသည်။

မွန်အမျိုးသားကောလိပ်အနေဖြင့် နိုင်ငံတကာတက္ကသိုလ်များနှင့် MOU လက်မှတ်ရေးထိုးရာတွင် မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်တက္ကသိုလ်တွင် ပညာလေ့လာ ဆည်းပူနေသူများအဖြစ် သတ်မှတ်ပေးရန်၊ ကောလိပ်ကျောင်းသူ၊ ကျောင်းသားများ ပညာသွားရောက် သင်ကြားရာတွင် လက်ခံပေးရန်၊ Dual Degree စနစ်တစ်ခု အကောင်အထည်ဖော်နိုင်ရန်၊ သင်ကြားရေးအပိုင်း၊ စီမံကွပ်ကဲအုပ်ချုပ်ရေးအပိုင်းနှင့် ပညာဖွံ့ဖြိုးမှုအပိုင်းများ အရှိန်မြင့်လာအောင် ပူးပေါင်းဆောင်ရွက်သွားရန် စသည့် သဘောတူညီချက်များ ပါဝင်သည်။

မွန်အမျိုးသားကောလိပ်ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသား ပညာရေးဗဟိုဌာန ညီစားစခန်းတွင် ၂၀၂၂ ခုနှစ် ဇွန်လက စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။

ပုံ-Facebook
April 24, 2026
တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို...
April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...
ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း
April 22, 2026
ပုပ္ဖဟံသာ ပညာရေးဖောင်ဒေးရှင်းမှ အဆင့်မြင့်ပညာရေးအတွက် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသော...
April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...