စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံး

စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး သေဆုံး

စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝှမ်းတွင် အောက်တိုဘာလအတွင်း အမျိုးသမီး ၇၁ ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ BWU က  နိုဝင်ဘာ ၅ ရက်နေ့က ထုတ်ပြန်သည်။

သေဆုံးအမျိုးသမီး ၇၁ ဦးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၉ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၁၀ ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၁ ဦး၊ ပစ်သတ်ခံရမှုကြောင့် ၂ ဦးနှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၄ ဦး သေဆုံးခဲ့ရသည်ဟု BWU က ဆိုထားသည်။

BWU ၏ အချက်အလက်အရ တိုက်ပွဲပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် အမျိုးသမီး သေဆုံးသူ ၂၅ ဦးရှိပြီး၊ ရခိုင်ပြည်နယ်တွင် ၂၂ ဦးတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းသည် အမျိုးသမီး သေဆုံးမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။

၎င်းပြင် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် နိုင်ငံတဝန်းက အမျိုးသမီး ၄၄ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုသည် လူ့အခွင့်အရေးချိုးဖောက်မှုကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ တခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရသည်ဟုလည်း BWU က ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားမှုနည်းသည့် မွန်ပြည်နယ်တွင်လည်း အမျိုးသမီး ၂ ဦးအသက်အဆုံးရှုံးခဲ့ရပြီး ၂ ဦး ဖမ်းဆီးခံထားရသည်ဟု BWU က ထုတ်ပြန်ထားသည့် အချက်အလက်အရ သိရသည်။

ယခုအချက်အလက်များသည် BWU က လက်လှမ်းမီသလောက်ကောက်ယူစုဆောင်းထားသည့်အချက်အလက်များဖြစ်ပြီး လက်တွေ့မြေပြင်အခြေအနေတွင် ကိန်းဂဏန်းများ ယခုထက် ပိုများနိုင်ကြောင်း BWU က ဆိုထားသည်။

လစဉ် အမျိုးသမီးသေဆုံးမှုနှုန်း မြင့်တက်လျှက်ရှိပြီး စစ်အာဏာသိမ်း ၄ နှစ်နီးပါးကာလအတွင်း အမျိုးသမီး သေဆုံးမှု ထောင်ဂဏန်းထိ ရှိလာသည့်အပေါ် လူ့အခွင့်အရေးနှင့် အမျိုးသမီးအရေးလှုပ်ရှားသူတို့ကြား စိုးရိမ်မှု မြင့်တက်လျှက်ရှိသည်။

April 1, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေသဖွံ့ဖြိုးရေးဟုဆိုကာ ဒေသခံပြည်သူလူထု၏ အသံနှင့် သဘာဝပတ်ဝန်းကျင်...
April 1, 2026
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက သီးနှံစိုက်တောင်သူများ လုပ်ငန်းသုံး ရေတင်စက်များဖြင့် တန်းစီ...
March 31, 2026
တစ်လကျော်ကြာ ပိတ်ထားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မြိတ်-ထားဝယ်ကားလမ်းပိုင်းကို မတ်လ ၂၇...
March 30, 2026
မွန်နှင့် ကရင်ပြည်နယ်အစပ် ဂျိုင်းမြစ်ဒေသတွင် စက်သုံးဆီ တစ်ဂါလံ ကျပ်ခုနှစ်သောင်းကျော်အထိ...