ပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်ပွား

ပေါင်မြို့နယ် ဝဲပတန်နှင့် အလှပ်ရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်ပွား

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဝဲပတန်နှင့် အလှပ်ကျေးရွာတွင် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ဆက်ဖြစ်ပွားနေသည်ဟု  ဒေသခံနှင့် မြို့နယ်စစ်ကောင်စီ ကျန်းမာရေးဌာနတို့ထံမှ သိရသည်။

ဝဲပတန်နှင့် အလှပ်ကျေးရွာရှိ ရေလုပ်သားများ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ဝမ်းပျက်ဝမ်းလျှော စတင်ဖြစ်ပွားခဲ့ပြီး ရေလုပ်သား ၇၆ ဦး  ဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း ဆိုသည်။  

“ဆေးရုံတက်ရတာက ၇၆ ယောက်ရှိတယ်။ ၄၉ ယောက်က သက်သာလာလို့ ဆေးရုံကဆင်းသွားပြီ။ ရောဂါပြင်းထန်တဲ့ လူနာတစ်ယောက်ကိုတော့ ပေါင်မြို့နယ် ဆေးရုံကို လွှဲပေးထားတယ်။ ဆေးရုံမတက်ရပဲ၊ အိမ်မှာကုတာတို့ ဆေးခန်းမှာ ကုနေတာက အယောက် ၁၀၀ ကျော်ရှိတယ်” ဟု မြို့နယ် ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဓါတ်ခွဲခန်း စစ်ဆေးချက်အရ  ဝဲပတန်နှင့် အလှပ်ကျေးရွာမှ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားနေသူတို့သည် မသန့်ရှင်းသောရေနှင့် အစားအစာကြောင့် စတင်ဖြစ်ပွားခဲ့သည်ဟု ကျန်းမာရေးဌာနက မှတ်ချက်ပြုထားကြောင်း ဆိုသည်။

“ရေလုံအိမ်သာမရှိတာရယ်၊ သောက်သုံးရေမသန့်ရှင်းတာရယ်ကြောင့်လို့ ပြောတယ်။ ဓာတ်ခွဲခန်းကို ရေနမူနာပို့တော့ ရေကန်က positive ထွက်လာတယ်။ ပင်လယ်ထွက် ရေလုပ်သားတွေဖြစ်တယ်။ အိမ်မှာနေလည်း ဖြစ်တဲ့သူရှိတယ်။ ဒီနေ့အထိက အလှပ်တိုက်နယ် ဆေးရုံကို ဝမ်းရောဂါနဲ့ ရောက်လာတဲ့လူနာတွေ ရှိနေတယ်” ဟု အထက်ပါ မြို့နယ်ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ဆက်ပြောသည်။

 

ပေါင်တွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ဆက်ရှိနေသော်လည်း လက်ရှိအချိန်ထိ ဝမ်းရောဂါကြောင့် လူသေဆုံးမှု မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသည့် အလှပ်ကျေးရွာ၊ ဝဲပတန်ကျေးရွာအပြင် ကျားဘိုကျေးရွာရှိ ရေတွင်း၊ ရေကန်များကို ကလိုးရင်း ဆေးခပ်ခြင်း၊ ဆေးဖျန်းခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ကျန်းမာရေး ဌာနအဖွဲ့တို့က လုပ်ဆောင်ပေးနေကြောင်း မြို့ခံတွေက ပြောသည်။

July 22, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်...
July 20, 2026
မွန်ပြည်၊ ရေးမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင် စစ်တပ်က လုံခြုံရေးအကြောင်းပြကာ...
July 18, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ စက်သုံးဆီပြတ်လပ်မှုနှင့်...
July 16, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အနီးသို့ စစ်ကြောင်းထိုးလာသည့်...